ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော တစ်ရွာလုံးနီးပါး ကျောက်ကပ်ထုတ်ရောင်းပြီး ကိုယ်ပိုင် အိမ်ဆောက် လုပ်နေထိုင်သည့် ရွာကလေး

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော တစ်ရွာလုံးနီးပါး ကျောက်ကပ်ထုတ်ရောင်းပြီး ကိုယ်ပိုင် အိမ်ဆောက် လုပ်နေထိုင်သည့် ရွာကလေး

နီပေါ နိုင်ငံက ကျေးရွာတစ်ရွာသည် ကျောက်ကပ်တောင်ကြား Kidney Valley ဟုပင် အမည်တွင်နေခဲ့သည်။ အကြောင်းမှာ ယင်းရွာတွင် တစ်ရွာလုံးနီးပါးက ကျောက်ကပ်များ ထုတ်ရောင်းထားကြ၍ ဖြစ်ပြီး နီပေါ ပြည်သူအများစုတွင် ရှိတတ်ကြသည့် ကိုယ်အိုးကိုယ့်အိမ်ဖြင့် နေထိုင်လိုသည့် ဆန္ဒအတိုင်း ကိုယ်ပိုင်အိမ်ဝယ် ယူဆောက်လုပ်နိုင်ရေး အတွက် ကျောက်ကပ်ကို ထုတ်ရောင်းကာ အိမ်များဆောက်လုပ်ခဲ့ကြသည့် ကျေးရွာတစ်ရွာဖြစ်၍ ဖြစ်သည်။

သို့သော်လည်း ထိုကျောက်ကပ်တောင်ကြားဟု အမည်တွင်နေသော ယင်းရွာလေးမှာ ငလျင်ဒဏ်ကြောင့် နောက်ဆုံးပြိုကျ ပျက်စီးပြီး ရွာသူရွာသားများ အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရသည်။

အဆိုပါ ကျေးရွာ၏ နဂိုအမည်ရင်းမှာ ဟို့စေး ရွာဖြစ်ပြီး တစ်ရွာလုံးနီးပါးက ကျောက်ကပ်များ ထုတ်ရောင်းထား ကြခြင်းကြောင့် ကျောက်ကပ်တောင်ကြားရွာဟူ၍ အမည်တွင်နေခြင်းဖြစ်သည်။

မြို့တော် ခတ္တမန္ဒူအရှေ့ဖက် ၁၂ မိုင်မျှအကွာတွင်သာ ရှိသော ယင်းဟို့စေးရွာမှ ကလေးအမေတစ်ဦးဖြစ်သူ ဂျီတာက သူကျောက် ကပ်ရောင်းချခဲ့သည့် အဖြစ်သနစ်ကို ယခုကဲ့သို့ ပြန်လည်ပြောပြသည်။

သူ့မိသားစုအတွက် အိမ်လေးတစ်လုံး ဆောက်လုပ်ပေးချင်သဖြင့် ဂျီတာက သူ့ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ် သည့်ကျောက်ကပ်ကို ခွဲစိတ်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အသက် ၃၇ နှစ်ရှိ ဂျီတာသည် သူ့၏ ကျောက်ကပ်တစ်လုံးကို ယောက်မဖြစ်သူအဆက်အသွယ်ဖြင့် အိန္ဒိယသို့သွားကာ ပေါင် ၃၀၀ ဖြင့်ရောင်းချခဲ့ခြင်းဖြစ်သည်။ "ဒီလိုပဲ ရွာထဲကို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဝယ်ယူကြတဲ့ ပွဲစားတွေ ရောက်ရောက်လာပြီး စည်းရုံးလာခဲ့တာက ဆယ်နှစ်မက ရှိပါပြီ။ ကျွန်မက အမြဲတမ်းငြင်းခဲ့တာပါပဲ။

ဒါပေမယ့် ကျွန်မက ကိုယ်ပိုင်အိမ်လေးနဲ့ မိသားစုနဲ့ နေချင်စိတ်က အမြဲရှိနေလို့ နောက်ဆုံးမှာ ရောင်းဖို့ သဘောတူလိုက် တာပါပဲ။"ဟု ဂျီတာက ပြောသည်။

နာရီဝက်ကြာမျှသာ ကျောက်ကပ်ထုတ်ယူမှုကို ခွဲစိတ်ခဲ့ရကြောင်း၊ သို့သော်လည်း ဆေးရုံတွင် သီတင်းသုံးပတ်ခန့် နေခဲ့ရကြောင်း ဂျီတာက ပြောသည်။ " ကျွန်မ ခွဲစိတ်ပြီး ပြန်သတိရတော့ ဘာမှ မခံစားရပါဘူး။ ခွဲစိတ်ထုတ်ယူပြီးပြီဆိုတာကိုတောင် အံ့သြမိ ခဲ့တယ်။"ဟု ဂျီတာက ပြောခဲ့သည်။

ထိုသို့ မိမိကိုယ်အင်္ဂါ ကျောက်ကပ်အား ထုတ်ရောင်းခဲ့ရ၍ ရရှိလာသည့် ငွေဖြင့် ဂျီတာက နီပေါပြည်သူအများစုတို့၏ ဆန္ဒအိပ် မက်ဖြစ်သည့် ကိုယ်ပိုင်အိမ်ဖြင့် နေလိုသည့် ဆန္ဒအတိုင်း မြေကွက်တစ်ကွက်ကို ဝယ်လိုက်ကာ ကျောက်စီအိမ်လေး တည်ဆောက်နေထိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဂျီတာ၏ ယင်းအိမ်မှာ မကြာမီ အင်အား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ရာ တစ်ရွာလုံး ပျက်စီးခြင်းနှင့် အတူ ပြိုကျပျက်စီးခဲ့ရသည်။ လက်ရှိတွင် ကလေးလေးဦးမိခင် ဂျီတာမှာ ယာယီရွက်ဖျင်ဖြင့် နေထိုင်နေရလျက်ရှိသည်။

အဆိုပါ ဧပြီ ၂၅ ရက်က လှုပ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၈၈၀၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူပေါင်းမှာ ၂၃၀၀၀ ကျော်ထက်မနည်းရှိခဲ့သည်။

ထိုအဖြစ်ဆိုးမျိုးမှာ ဂျီတာတစ်ဦးတည်း ကြုံခဲ့ရခြင်းမဟုတ်ပေ။ ဟို့စေးရွာတွင်ရှိသော အရွယ်ရောက်ပြီး ယောက်ကျားမိန်းမ အများစု ကြုံတွေ့ခဲ့ကြသည့် အဖြစ်ဆိုးဖြစ်သည်။ ယင်းဟို့စေးရွာရှိ ရွာသူရွာသားအများစုသည် ပွဲစားများက ကျောက်ကပ်များမှာ ပြန်လည် ကြီးထွားလာနိုင်သည်ဟု ဆွယ်ပြီး ထုတ်ရောင်းရန် စည်းရုံးခြင်းများကို ခံခဲ့ကြရသူများသာဖြစ်သည်။

ကျောက်ကပ်တစ်လုံးအရောင်းအဝယ်ဖြစ်လျှင် ပေါင် ၆၅၀၀ အထိ ရရှိသော်လည်း တစ်ချို့သောကျောက်ကပ် ထုတ်ရောင်းကြ သူများကို ကြားပွဲစားများက ပေါင် ၁၆၀ ခန့်သာ ပေးတတ်ကြသည်။

၂၀၀၇ ခုနှစ်အတွင်း နီပေါအစိုးရက ကျောက်ကပ်ထုတ်ရောင်းခြင်းကို ဥပဒေပြုတားမြစ်ခဲ့သည်။ သို့သော်လည်း နီပေါတွင် နှစ်စဉ် တရားမဝင်ကျောက်ကပ်ရောင်းချမှုများ ၇၀၀၀ အထက်ရှိနေပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း များမှောင်ခိုအရောင်း အဝယ်ပြုလုပ်နေခြင်းတွင် နှစ်စဉ် ၁၀၀၀၀ ကျော်ထက်မနည်းရှိကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly