အာရတ်နွေဦး အုံကြွမှုမျိုး နိုင်ငံတွင် ရှိလာမည်မဟုတ်ဟု ဆန္ဒပြသူများကို ဇင်ဘာဘွေသမ္မတ မူဂါဘီ သတိပေး

အာရတ်နွေဦး အုံကြွမှုမျိုး နိုင်ငံတွင် ရှိလာမည်မဟုတ်ဟု ဆန္ဒပြသူများကို ဇင်ဘာဘွေသမ္မတ မူဂါဘီ သတိပေး

သြဂုတ် ၂၇ ။        ။ ၂၀၁၀ ခုနှစ်က စတင်ခဲ့သည့် အာရတ်နွေဦး အုံကြွမှုကြောင့် အာရတ်နိုင်ငံများမှ အာဏာရှင်ခေါင်းဆောင်များ အသီးသီးပြုတ်ကျသွားသည့်ဖြစ်စဉ်မျိုး မိမိတို့နိုင်ငံတွင်   မျှော်လင့်မထားကြရန် ဇင်ဘာဘွေသမ္မတ မူဂါဘီက အတိုက်အခံဆန္ဒပြသူများကို သတိပေးပြောကြားသွားသည်။

အာဖရိကတောင်ပိုင်းနိုင်ငံ တစ်နိုင်ငံတွင် လက်ရှိအချိန်တွင် အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုများဖြင့် အခြေအနေဆိုးရွားလာချိန်တွင် ယခုကဲ့သို့ အသက် ၉၂ နှစ်ရှိ မူဂါဘီက သတိပေးခဲ့ခြင်းဖြစ်သည်။

လာမည် ၂၀၁၈ တွင်ပြုလုပ်မည့်ရွေးကောက်ပွဲကို ပြုပြင်ပြောင်းလဲရေးအတွက် အတိုက်အခံဆန္ဒပြသူများက တောင်းဆိုဆန္ဒပြလျက်ရှိရာ ရဲများနှင့် ထိပ်တိုက်တွေ့ကာ ဖြိုခွင်းနှိမ်နင်းခံနေရမှုများ ရှိနေခဲ့သည်။ ယင်းရွေးကောက်ပွဲတွင်လည်း နိုင်ငံကို ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်လာခဲ့သော လက်ရှိသမ္မတ မူဂါဘီကပင် ထပ်မံအရွေးချယ်ခံရန် စီစဉ်နေလျက်ရှိသည်။

မူဂါဒီနှင့် အာဏာရပါတီ တို့ကို ဆန့်ကျင်ကာ လမ်းပေါ်ထွက်ဆန္ဒပြနေသူ အတိုက်အခံရာပေါင်းများစွာကို မျက်ရည်ယိုဗုံးများ၊ ရေပိုက်များဖြင့် ဖြိုခွင်းနှိမ်နင်းထားမှုများ ရှိနေခဲ့သည်။

" အာရတ်နွေဦးလိုမျိုး ကျွန်တော်တို့နိုင်ငံမှာလည်း ကူးစက်ဖြစ်ပေါ်လာလိမ့်မယ်လို့ သူတို့ယူဆနေကြပါတယ်၊ အဲဒီအုံကြွမှုလိုမျိုးကနေ ကျွန်တော်တို့ ခေါင်းဆောင်တွေ ပြုတ်ကျသွားမယ်လို့ ထင်နေကြပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီလို ဘယ်တော့မှာ ဒီနိုင်ငံမှာတော့ ဖြစ်လာမှာမဟုတ်ပါဘူး" ဟု မူဂါဘီက ပြောကြားသွားသည်။

အလားတူ နိုင်ငံရှိ ဆန္ဒပြမှုများကို အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက နောက်ကွယ်က ပံ့ပိုးပေးနေသည်ဟုလည်း မူဂါဘီက စွပ်စွဲပြောကြားသွားသည်။

ယင်းနိုင်ငံတွင် လက်ရှိ စီးပွားရေး ကျဆင်းနေမှု၊ ငွေစက္ကူရှားပါးမှု နှင့် အလုပ်လက်မဲ့ဖြစ်မှုနှုန်း မြင့်မားနေမှု စသည်တို့ကြောင့် ပြည်သူများ အမျက်ဒေါသကြီးထွားလာက ယခုကဲ့သို့ မူဂါဘီအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ တိုးပွားဖြစ်ပေါ်လာနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags