ခန္တီးတွင် အချုပ်ခန်း ဖောက်ပြေးသူများ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

ခန္တီးတွင် အချုပ်ခန်း ဖောက်ပြေးသူများ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

မန္တလေး၊ သြဂုတ် ၂၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မရဲစခန်း(ခရိုင် အချုပ်ခန်း)ကို ဖောက်၍ ထွက်ပြေးသူများအား ၂၄ နာရီအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်ဟု ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေးက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၂၆ရက်၊ ည ၇ နာရီ၊ ၄၅ မိနစ် က ခန္တီးမြို့မ ရဲစခန်း(ခရိုင် အချုပ်ခန်း)ကို ဖောက်၍ အချုပ်သား ၈ ဦး လွတ် မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖောက်ပြေးသည့် အချုပ်သားများကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ တားဆီးရာ ခေတ္တစခန်းမှူးနှင့် ရဲတပ်သား ၂ ဦးတို့ ဒဏ်များရခဲ့၍ ခန္တီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ၎င်း ကဆိုသည်။

"၈ ဦးဖောက်ပြေးတာပါ။ ၇ ဦးက ညတွင်းခြင်း ပြန်လည်ဖမ်းဆီးမိပါတယ်။ လွတ်မြောက်နေတဲ့ တစ်ဦးကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်" က ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးက ပြောသည်။

အဖောက်ခံရသည့် အချုပ်ခန်းတွင် အချုပ်သား ၁၀၀ ကျော်ရှိနေပြီး ထိုအထဲ မှ ၈ ဦးထွက်ပြေးခြင်းဖြစ်ကာ လက်ရှိတွင်  အချုပ်ခန်းကို ပြန်လည်ပြုပြင်ထားပြီး လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရသည်။

လွှတ်မြောက်နေဆဲ အချုပ်ဖောက်ပြေးသူ တစ်ဦးကိုလည်း အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် နေ ကြောင်း ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့်က "အခုလို ဖြစ်တာက ခန္တီးတစ်မြို့လုံးကို လုံခြုံရေးသတိပေးလိုက်တာပဲ။ အချိန်နဲ့ တ ပြေးညီ ပြန်လည်ဖမ်းဆီးပေးနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ခန္တီးသားတစ်ယောက် အနေနဲ့ ဂုဏ်ယူပါတယ်"ဟု ပြော သည်။

အချုပ်ခန်းဖောက်ပြေးသူများသည် မူးယစ်ဆေးဝါးမှုများဖြင့် အမှုရင်ဆိုင်နေသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ်မ ၃၃၃ ဖြင့် ထပ် မံ အရေးယူသွားမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly