အေဂျက်ဇ်ဂိုးသမား ဆီလက်ဆန်ကို ဘာစီလိုနာအသင်းခေါ်ယူ

အေဂျက်ဇ်ဂိုးသမား ဆီလက်ဆန်ကို ဘာစီလိုနာအသင်းခေါ်ယူ

သြဂုတ် ၂၆၊ စပိန် ။                  ။ ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းသို့ပြောင်းရွှေ့သွားသော ဂိုးသမား ဘရာဗို၏နေရာကို အစားထိုးရန်အတွက် အေဂျက်ဇ်အသင်းမှ နယ်သာလန် လက်ရွေးစင်ဂိုးသမား ဂျက်စပါဆီလက်ဆန်ကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆီလက်ဆန်အတွက် ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းပေးချေခဲ့ရပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ စာချုပ်တွင် လျော်ကြေးငွေ ပေါင် ၅၁ သန်းကိုလည်း ထည့်သွင်းချုပ်ဆိုထားသည်။

ဆီလက်ဆန်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ဆေးစစ်မှုများအောင်မြင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ နယ်သာလန်ဂိုးသမားအနေဖြင့် ဘာစီလိုနာတွင် ဂျာမနီဂိုးသမား တာစတီဂန်နှင့် ပထမ ကစားသမားနေရာအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်ရှိတွင် တာစတီဂန်မှာ ဒူးဒဏ်ရာရရှိနေပြီး အနားယူနေရသည်။

ဆီလက်ဆန် ဘာစီလိုနာသို့ရောက်ရှိပြီး မကြာမီမှာပင် ချီလီဂိုးသမားဘရာဗိုသည်လည်း မန်စီးတီးသို့ရောက်ရှိသွားပြီ ဖြစ်သည်။ ဘရာဗိုမန်စီးတီးသို့ ရောက်ရှိသွားသည့်အတွက် အင်္ဂလန်ဂိုးသမား ဂျိုးဟတ်သည်လည်း အသင်းပြောင်းရွှေ့ရန် သေချာသလောက်ဖြစ်သွားပြီ ဖြစ်သည်။ ဆီလက်ဆန် ထွက်ခွာသွားသည့်အတွက် အေဂျက်ဇ်အသင်းက နယူးကာဆယ်ဂိုးသမား တင်ကရူကို တစ်ရာသီ အငှားစာချုပ်ဖြင့် ပြန်လည်ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly