၂၁ ရာစု ပင်လုံညီလာခံသို့ UNFC ကိုယ်စားလှယ် (၇)ဦး တက်ရောက်မည်

၂၁ ရာစု ပင်လုံညီလာခံသို့ UNFC ကိုယ်စားလှယ် (၇)ဦး တက်ရောက်မည်

ချင်းမိုင်၊ သြဂုတ် ၂၅ ။             ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ညီလာခံသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က တက်ရောက်ရန် ကိုယ်စားလှယ် ၇ ဦး ရွေးချယ်လိုက်ကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်မှ ၂၅ ရက်နေ့တို့တွင်  ပြုလုပ်ခဲ့သည့် UNFC ဗဟို အလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်း အဝေးမှ ယခုကဲ့သို့ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်ဖို့အတွက် အများရဲ့ ဆန္ဒသဘောထားအရ ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ ပြီးရင် တက်ရောက်တဲ့ အခါမှာ ကျနော်တို့အားလုံး အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေမှာ ကျနော်တို့အားလုံး အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုတဲ့သဘောထားတွေ ချမှတ်ပါတယ်”ဟု UNFC ၏ အထွေထွေ တွဲဘက် အတွင်းရေး မှူး(၁) ဦးထွန်းဇော်က ပြောသည်။

၂၁ ရာစုပင်လုံ ညီလာခံအတွက် ကျင်းပရေး ပူးတွဲ ကော်မတီတွင် UNFC အဖွဲ့မှ ၇ ဦးကို ရွေးချယ်ခဲ့သည်။ ကျင်းပရေး ပူးတွဲကော်မတီမှ ခေါင်းဆောင် SSPP မှ ဗိုလ်ချုပ် စိုင်းထူး၊ ဒုတိယခေါင်းဆောင် KIO မှ ဗိုလ်ချုပ် ဂွမ်မော်၊ အဖွဲ့ဝင်  MNSP မှ နိုင်အောင်မင်း၊၊ ANC ဗိုလ်မှူးကြီး မင်းထွန်း၊ KNPP မှ ခူးတဲဘူး၊ SSPP မှ စိုင်းဘထွန်းတို့ကို ရွေးချယ် လိုက် ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်နိုင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့က အစိုးရအဖွဲ့နှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေး ကိုယ်စာလှယ်အဖွဲ့ (DPN)တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှု ရလဒ်များနှင့် သြဂုတ်လ ၂၁၊ ၂၂ ရက်များတွင် ဆွေးနွေးခဲ့သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အစည်းအဝေး ရလဒ်များ ကို UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီအား တင်ပြခဲ့ကြသည်။

ထို့ပြင် UNFC မှ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနှင့် သဘောဝ သယံဇတ၊ အထွေထွေကဏ္ဍ စသည့် ကဏ္ဍ ၆ ရပ်အပေါ် အခြေခံ၍ ၂၁ ရာစုပင်လုံ ညီလာခံသို့ စာတမ်းတင်ပြသွားမည် ဖြစ်ကြောင်း သဘောထားချမှတ်ခဲ့ ကြောင်း ဦးထွန်းဇော်က ပြောသည်။

တပ်မတော်ဘက်က လက်နက်စွန့်ရေး ပြောဆိုထားသော တအာင်း၊ ကိုးကန့်နှင့် အေအေ တပ်ဖွဲ့များနှင့် ပတ်သက်၍ ယခုအစည်းအဝေးတွင် တစ်စုံတစ်ရာ ထည့်သွင်းဆွေးနွေးခြင်း မရှိသော်လည်း UNFC က အားလုံးပါဝင်ရေးကို ဆက်လက် ရပ်တည်ထားသည်ဟု ဦးထွန်းဇော်က ပြောသည်။

လာမည့် ၂၇၊ ၂၈၊ ၂၉ သုံးရက်ကြာ ကျင်းပမည့် ကျင်းပရေး ပူးတွဲကော်မတီ အစည်းအဝေးတွင် UNFC ၏ သဘော ထားများကို တင်ပြ၍ ညှိနှိုင်းဆွေးနွေးကာ ညီလာခံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုသည့် သဘောထားများလည်း ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags