ကားငှားခ မတတ်နိုင်၍ အိန္ဒိယအမျိုးသားတစ်ဦး ဇနီးသည်၏ အလောင်းကို ကိုယ်တိုင်ထမ်းပြီး ပြန်သယ်လာ

ကားငှားခ မတတ်နိုင်၍ အိန္ဒိယအမျိုးသားတစ်ဦး ဇနီးသည်၏ အလောင်းကို ကိုယ်တိုင်ထမ်းပြီး ပြန်သယ်လာ

သြဂုတ် ၂၅ ။               ။ အိန္ဒိယနိုင်ငံမှ ဆင်းရဲနွမ်းပါးလှသော အမျိုးသားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားသော ဇနီးသည်၏ အလောင်းကို ကိုယ်တိုင်ထမ်းကာ ရွာသို့ ပြန်သယ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒါနာမာဂျ်ဟီ ဆိုသူ ၎င်းအမျိုးသားမှာ  ဇနီးဖြစ်သူ အာမန်၏ အလောင်းကို ဆေးရုံမှ ရွာသို့ ပြန်သယ်ရန် ကားခ မတတ်နိုင်ရှာ၍ ကိုယ်တိုင်ထမ်း သယ်လာခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ Orissa ပြည်နယ် Bhawanipatna မြို့ ခရိုင်ဆေးရုံမှ ၁၂ ကီလိုမီတာအကွာအဝေးထိ ခြေလျင်လျှောက်ကာ အလောင်းထမ်းပြန်လာခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကိုယ်တိုင်အလောင်းထမ်းသယ်လာသည့်ကိစ္စနှင့်ပတ်သက်၍ ဒါနာမာဂျ်ဟီနှင့် ဆေးရုံတာဝန်ရှိသူများ၏ ပြောစကားများ ကွဲလွဲနေခဲ့သည်။ ဒါနာမာဂျ်၏ အဆိုအရ ဆေးရုံ တာဝန်ရှိသူများကလည်း ၎င်းအတွက် အလောင်းသယ်စရိတ် စိုက်ထုတ်ပေးရန် ငြင်းဆန်ခဲ့ကြကြောင်းလည်း သိရသည်။ သြဂုတ်လ ၂၃ ရက်က ဆုံးပါးသွားသည့် ဇနီးဖြစ်သူ အလောင်းကို   မြန်မြန်ပြန်သယ်သွားရန်   ဆေးရုံဝန်ထမ်းများက ဖိအားပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

သို့သော် ဆေးရုံအာဏာပိုင်များကဘက်လည်း ၎င်းတို့မသိရှိဘဲ ကိုယ့်သဘောဖြင့်ကိုယ် ပြန်သယ်သွားခြင်းဖြစ်ကြောင်း ချေပပြောဆိုထားသည်။   " အဲဒီအမျိုးသမီးက သြဂုတ်လ ၂၃ ရက်က   ဆေးရုံစတက်ရတာပါ၊ အဲ့ညတွင်းချင်းပင် ဆုံးသွားပါတယ်၊အဲဒါကို ကျွန်တော်တို့ ဝန်ထမ်းတွေကို အသိမပေးဘဲ သူ့ဘာသာ သူပြန်သယ်သွားတာပါ" ဟု ဆေးရုံမှ ဆေးဘက်အရာရှိ ဘီဘရာမာက   ပြောသည်။

သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင်မူ ဒါနာမာဂျ်ဟီမှာ အဝတ်ဖြင့် ပတ်ထားသော ဇနီးသည်အလောင်းကို ထမ်းကာ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူ ချာလာနှင့်အတူ လမ်းလျှောက်ပြန်လာခဲ့ကြသည်ဟု သိရသည်။  ဆေးရုံနှင့် ၎င်းတို့ ရွာမှာ ၆၀ ကီလိုမီတာ ( ၃၇ မိုင်) ကွာဝေးသည်ဖြစ်ရာ ၎င်းတို့ ၁၂ ကီလိုမီတာအကွာအဝေးထိ ရောက်ကာမှ လူနာတင်ယာဉ် တစ်စီးရောက်လာပြီး ကူညီ သယ်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags