မြန်မာတွင် ဗဟိုပြုသည့် ငလျင်ဒဏ် ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ပါ ရိုက်ခတ်

မြန်မာတွင် ဗဟိုပြုသည့် ငလျင်ဒဏ် ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ပါ ရိုက်ခတ်

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အင်အား ၆ ဒဿမ ၈ အဆင့် ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောပြီး ယင်းငလျင်ဒဏ်ကြောင့် နိုင်ငံတွင်း အဆောက်အအုံများ လှုပ်ခါမှု ခံစားရပြီး ဒေသတွင်း ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါ ငလျင်ဒဏ် ခံစားရကြောင်း သိရသည်။

ငလျင်ဗဟိုသည် မိတ္ထီလာမြို့ အနောက်ဖက် ၈၈ မိုင်တွင် မြေအောက် ၅၂ မိုင်အကွာ ဗဟိုပြုလှုပ်သွားခြင်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

ငလျင်ကြောင့် ရန်ကုန်မြို့နှင့် အခြားမြို့များတွင်ပါ အဆောက်အအုံများ လှုပ်ခါမှုဖြစ်ကြောင်း သိရသည်။

ထိုပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အထပ်မြင့်အဆောက်အအုံများလည်း လှုပ်ယမ်းမှုဖြစ်သည်။

ငလျင်ကို အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင်လည်း ခံစားခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်တွင်လည်း ငလျင်လှုပ်မှုကို ကြုံတွေ့ရကြောင်း မျက်မြင်များက ပြောသည်။

လတ်တလောအထိ သေကျေပျက်စီးမှုသတင်း မရှိရသေးပေ။

ငလျင်ဗဟို တည်နေရာအရ သက်ရောက်မှု ဖြစ်သော်လည်း ဒေသတွင်းရှိ အဆောက်အအုံအများစုက ငလျင်ဒဏ်ကို ခံနိုင်ရည် နည်းပါးကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက မှတ်ချက်ချသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်မှု ဖြစ်တတ်သော်လည်း ၂၀၁၂ နောက်ပိုင်း ငလျင်ကြီးလှုပ်ခြင်း ကြုံတွေ့ရခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly