ထိုင်းတောင်ပိုင်းတွင် တိုက်ခိုက်မှုများဖြစ်ပွား ခုနှစ်ဦးသေဆုံး

ထိုင်းတောင်ပိုင်းတွင် တိုက်ခိုက်မှုများဖြစ်ပွား ခုနှစ်ဦးသေဆုံး

ဘန်ကောက်၊ ဇူလိုင်၁၁ ။     ။ ထိုင်းနိုင်ငံ တောင်ပိုင်း သီးခြားနေရာလေးခုတွင် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူသုံးဦးသေဆုံးပြီး လူတစ်ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့ပြီး မီးရှို့ပစ်ခတ်တိုက်ခတ်မှုများကြောင့်လည်း နောက်ထပ်လေးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်၁၁တွင် ပြောကြားခဲ့သည်။

၂၀၀၄ခုနှစ်ကတည်းက မလေးရှားနှင့် နယ်ချင်းထိစပ်နေသော မွတ်စလင်အများစုရှိသည့် ပြည်နယ်သုံးခုမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးကြိုးပမ်းနေသော သူပုန်များနှင့် ထိုင်းစစ်သား၊ရဲတပ်ဖွဲ့ဝင်တို့နှင့် နေ့စဉ်နီးပါးပဋိပက္ခများကြောင့် လူ ၆,၃၀၀ကျော်သေဆုံး ခဲ့ပြီးဖြစ်သည်။ ဇူလိုင် ၁၀ရက်နေ့ ညနေပိုင်းက တောင်ပိုင်းရှိ ဆောင်ခလာပြည်နယ်တွင် ကာရာအိုကေဘားတစ်ခု၏ အပြင်ဘက် တွင် မော်တော်ဆိုင်ကယ်ဗုံးတစ်လုံးပေါက်ကွဲချိန် လူသုံးဦးသေဆုံးခဲ့သည်။

"ပေါက်ကွဲမှုမှာ သုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်"ဟု တောင်ပိုင်းဒေသ ဒု-ရဲချုပ် ဗိုလ်ချုပ်ပူသီချတ်အေကာချန့် ကအေအက်ဖ်ပီသို့ပြောခဲ့သည်။ မော်တော်ဆိုင်ကယ်ဗုံးမကွဲမီ အချိန်ကလေးတွင် ဆပ်နိုင်းခရိုင်ရှိ ကာရာအိုကေဘား တစ်ခုတွင် ပေါက်ကွဲမှုအပါအဝင် ဇူလိုင် ၁၀ ရက်က တောင်ပိုင်းရှိ နာရာသီဝပ်ပြည်နယ်တွင် ဗုံးသုံးလုံးပေါက်ကွဲခဲ့သည်ဟု ထိုင်းတောင်ပိုင်းဒေသရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုခရိုင်မှာပင် သန်းခေါင်ကျော်ပြီးမကြာမီ ဆိုင်များကို မီးရှို့တိုက်ခိုက်မှုများကြောင့် နောက်ထပ်လူသုံးဦးသေဆုံးသည်ဟု ရဲတပ်ဖွဲ့ ကပြောသည်။ ထိုစဉ် အနီးတွင် အသက် ၃၅ နှစ်အရွယ်မွတ်စလင်အမျိုးသားတစ်ဦး အမည်မသိသေနတ်သမားများက အသေပစ် သတ်ပြီး ထွက်ပြေးသွားခဲ့ကြသည်။

တိုက်ခိုက်မှုများမှာ ညိနှိုင်းတိုက်ခိုက်မှုဟုတ်မဟုတ် ချက်ခြင်းမသိရသေးပေ။ သို့သော်လည်း ရာမာဒန်မွတ်စလင် ဥပုသ်လ တွင် တောင်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်မားလာလေ့ရှိသည်။

ဗုဒ္ဓဘာသာအများစုရှိသော ထိုင်းနိုင်ငံသည် လွန်ခဲ့သည့်နှစ် ၁၀၀ကျော်က တောင်ပိုင်းဒေသကို သိမ်းပိုက်ခဲ့ပြီး အခွင့်အရေးများ ချိုးဖောက်သည်ဟု စွပ်စွဲခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly