နိုင်ငံရေးအလားအလာ မသေချာမှုကြောင့် ကမ္ဘောဒီးယားတွင် အထည်ချုပ်စက်ရုံများပိတ်ပစ်

နိုင်ငံရေးအလားအလာ မသေချာမှုကြောင့် ကမ္ဘောဒီးယားတွင် အထည်ချုပ်စက်ရုံများပိတ်ပစ်

ဖနွမ်းပင်၊ သြဂုတ် ၂၃ ။              ။ ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံရေးအခြေအနေ အလားအလာများ မသေချာမှုကြောင့် အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံများအနေဖြင့် လိုအပ်သည့် ပမာဏကို ထုတ်လုပ်နိုင်ရန် အခြားနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိရာ စက်ရုံပေါင်း ၇၀ ကျော်ပိတ်ထားရ ကြောင်း ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖနွမ်းပင်မြို့တွင် သြဂုတ် ၂၂ ရက်က ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် ကမ္ဘောဒီးယားနိုင်ငံတကာ ချည်မျှင်နှင့်အထည်လုပ်ငန်းပြခန်းနှင့်  စက်မှုထုတ်ကုန် ပြပွဲတွင် GMAC ၏ မန်နေဂျာ လီတက်ဟန်က ကမ္ဘောဒီးယားနိုင်ငံ၏ ပထမရှစ်လအတွင်း အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာများကို ပြောကြားခဲ့ကြောင်း ခမာတိုင်းသတင်းစာက ယနေ့ဖော်ပြခဲ့သည်။

“နိုင်ငံရေးအခြေအနေက စီးပွားရေးအပေါ်မှာ လာရောက်ထိခိုက်ပါတယ်။ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေရော ပြည်ပရင်းနှီးမြှုပ်နှံသူတွေပါ ထိခိုက်သွားပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ စီးပွားရေးမတည်ငြိမ်ဘူးဆိုရင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့  ခက်ခဲသလို အထူးသဖြင့် ဝယ်ယူသူတွေဘက်က စိုးရိမ်စရာဖြစ်လာပါတယ်” ဟု ပြောကြားသည်။

“နိုင်ငံရေးအခြေအနေ၊ တရားမဝင်ဆန္ဒပြမှုတွေ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့လို အထည်ချုပ်နဲ့ ဖိနပ်ထုတ်လုပ်တဲ့ ပြိုင်ဖက်နိုင်ငံတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့  ကမ္ဘောဒီးယား မှာ လာရောက်မလုပ်ကိုင်တော့ဘဲ ပြည်ပက ပစ္စည်းတွေမှာယူမှု တွေလည်း လျော့ကျသွားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုနှစ် ပထမရှစ်လအတွင်း စက်ရုံ ၇၀ ကျော် ပိတ်ပစ်ခဲ့ရပြီး အသစ် ၂၀ ထပ်မံပေါ်ထွက်ခဲ့သည်။

ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆောင်ဆော့ဖါရီက “ကမ္ဘောဒီးယားဟာ အထည်ပို့ကုန်တွေအပေါ်မှာ မှီခိုနေရတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ပြည်ပဈေးကွက်တွေဖြစ်တဲ့ ဗြိတိန်နဲ့ အမေရိကန်တို့အပေါ် ပို့ကုန်တွေအတွက် အားထားနေရတာကြောင့် အဲဒီနိုင်ငံက အဖြစ်အပျက်တွေက  သက်ရောက်မှုရှိနေပါတယ်” ဟု ပြောကြားသည်။

“ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ကလည်း ထုတ်လုပ်မှုကုန်ကျစရိတ် နည်းတဲ့နိုင်ငံတွေကို သွားလုပ်ကြမှာပါပဲ။ ကျွန်မတို့နိုင်ငံက လျှပ်စစ်ဓာတ်အားနဲ့ လုပ်အားခ ကုန်ကျစရိတ် မြင့်မားနေမှုတွေကို သတိထားဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုနှစ် ပထမလေးလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ အထည်နှင့်ဖိနပ်များကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ကန်ဒေါ်လာ ၇၁၇ ဒသမ ၈ သန်းဖိုး၊ အမေရိကန်က ၄၁၉ ဒသမ ၂ သန်းနှင့် ကနေဒါက ၄၁ ဒသမ ၇ သန်းဖို့ ဝယ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly