သူပုန်လူကြမ်း ရီနေဆန်း (Renaissance)

သူပုန်လူကြမ်း ရီနေဆန်း (Renaissance)
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

၁၉ . ၈ . ၁၆ နေ့ညက MRTV 4 ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တစ်ခု မောင်မှန် ကြည့်လိုက်ရတယ်။ စိန်မဟာသဘင် ဇာတ်အဖွဲ့ရဲ့ အထူးဖျော်ဖြေခန်း ဆိုပါတော့။ ဆိုပါတော့လို့ ပြောရတာက စိန်မဟာသဘင်ကချည်း သက်သက် ဖျော်ဖြေတာမဟုတ်ဘဲ အခြားဇာတ်အဖွဲ့တွေက မင်းသား၊ မင်းသမီးတွေ ရုပ်ရှင်သရုပ်ဆောင်တွေပါ ပါဝင် ဖျော်ဖြေကြလို့ပဲ။ မောင်မှန်ကလည်း ပွဲချစ်သူဆိုတော့ ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွားတယ်။ ဇာတ်ပွဲမကြည့်ရတာ ကြာပြီမို့လား။

MNTV ကနေ စနေ၊ တနင်္ဂနွေ ညကိုးနာရီဆို ပုံမှန် လာတတ်တဲ့ တင်မောင်ဆန်းဝင်းရဲ့ ရွှေမန်းသဘင် ဖျော်ဖြေမှု ရှိပေမယ့် အပြည့်မဟုတ်တော့ အာလျမပြေဘူး။ စိန်မဟာသဘင်ဆိုတော့ အပြည့်အဝ ခံစားတော့မယ်ဆိုပြီး ပျော်မိတယ်ခင်ဗျ။ အိပ်ပျက်ခံပြီး ကြည့်ပစ်လိုက်မယ်ပေါ့လေ။

အဲ ရှေ့ပိုင်း အဆိုအကတွေ ယိမ်းတွေပြီးတော့ ပြဇာတ်အစီအစဉ်ကို ကြေညာ တင်ဆက်ပါတော့တယ်။ ပြဇာတ်အမည်က ဧရာဝတီရှိုက်သံတဲ့။ မောင်မှန် အငိုက်နည်းနည်း ပြေသွားတယ်။ မျက်လုံးပြူးသွားတယ်။ ဟုတ်လှချည်လား၊ လုပ်လှချည်လားပေါ့။ အခုဟော့ နေတာက ဧရာဝတီလေ၊ သိတယ်မို့လား။ သေသေချာချာကို ချိန်ရွယ် ပစ်ခတ်လိုက်တာပဲလို့တောင် ထင်မိရဲ့။ အစီအစဉ်ကြေညာသူက နည်းနည်း ဆက်ပြောတော့မှ ဟိုးအရင် စိန်မဟာသဘင်က (ဦး)ရဲစိန်၊ (ဦး)ညီဝင်းစိန်တို့ ကခဲ့ဖူးတဲ့ မလိခရှိုက်သံဆိုတဲ့ ပြဇာတ်ကို အမည်ပြောင်းထားတာ ဖြစ်တဲ့အကြောင်း သိရတယ်။

မလိခဆိုလည်း မလိခပေါ့။ မဆိုးသေးပါဘူးပေါ့လေ။ ဒါပေမယ့် မြစ်ဆုံမဟုတ်တာကတော့ သေချာသွားပြီ။ ဒီလိုနဲ့ ပြဇာတ်စရော ဆိုပါတော့။ ဒီတော့မှ ဒီပြဇာတ်ဟာ မလိခရှိုက်သံဖြစ်ရုံတင်မက ငြိမ်းချမ်းရေးရှိုက်သံပါ ဖြစ်ကြောင်း သိလိုက်ရတော့တယ်။ ဇာတ်လမ်းက ညီအစ်ကိုနှစ်ယောက် ငယ်ကတည်းက ကွဲသွားကြတယ်။ တစ်ယောက်က စစ်ဗိုလ်ဖြစ်ပြီး တစ်ယောက်က သူပုန် (KIA) ဖြစ်တယ်။ ကျန်တာကတော့ ထုံးစံအတိုင်းပါ ထားတော့။ ထားလို့မရတာက ပြဇာတ်ထဲက KIA လက်နက်ကိုင်အဖွဲ့ရဲ့ ရထားမိုင်းခွဲတာတွေ၊ မိန်းမတစ်ယောက်ကို အဓမ္မ သိမ်းပိုက်တာတွေ စတဲ့ အကြမ်းဖက်ခန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်း ဖော်ပြထားတာပဲ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကြိုဆို ဂုဏ်ပြုလိုက်တာလားတော့ မသိဘူး။ တစ်ပင်တည်းပင်၊ တစ်လုံတည်းလုံနေတဲ့ အချိန်မှာ အချိန်ကိုက် တင်ဆက်လိုက်တာပါပဲ။ ပြဇာတ်လူကြမ်းများ သရုပ်ဆောင်ကောင်းချက်ကလည်း ပစ်ရက်စရာမရှိဘူး။ တဟီးဟီးတဟားဟားနဲ့ ရယ်ပြလိုက်ကြတာ မြန်မာကားတွေထဲက အတိုင်းပဲ။ ပြောတဲ့ စကားတွေကလည်း သောက်ချင်းကို ထပ်လို့။ ဒါမှလည်း အကြမ်းဖက်သမား ရုပ်ထွက်မယ်မို့လား။ လူထုအောင်သံ ရုပ်ရှင်လောက်စလို့ ရုပ်ရှင်ထဲက သူပုန်လူကြမ်းတွေ ပြူးပြူးပြဲပြဲ ရယ်ကြအော်ကြတာ ၂၀၁၀ လောက်က အရုဏ်ဦးမှာဖူးသည့်ကြာဆိုတဲ့ ခြောက်ခွေတွဲ ဗီဒီယိုကား အထိပါပဲ။ အဲဒီ ဗီဒီယိုနောက်ပိုင်းတော့ ပြည်ခိုင်ဖြိုး အစိုးရက ငြိမ်းချမ်းရေးအသံတွေ စွတ်ပစ်နေတော့ သူပုန်လူကြမ်းကားတွေ မရှိသလောက် ဖြစ်သွားပါတယ်။ (အရုဏ်ဦးမှာ ဖူးသည့်ကြာရဲ့ ဒါရိုက်တာက တင်သန်းဦးပါ ခင်ဗျာ)

အခု ဒီပြဇာတ်က Return of သူပုန်လူကြမ်းလား၊ သူပုန်လူကြမ်း Renaissance လား၊ တစ်ခုခုတော့ တစ်ခုခုပေါ့။ ၂၁ ရာစု ပင်လုံအလွန်အတွက် ကြိုတင်ပြင်ဆင်တာလေလား၊ မောင်မှန် ဦးနှောက်စားပါတယ်။ တစ်ကျော့ပြန် သူပုန်လူကြမ်းကားတွေ ကြည့်ကြရဦးမယ် ထင်ပါရဲ့။ နိုင်ငံရေးရာသီဥတုကလည်း အဲဒီလို ရှိနေပါတယ်ခင်ဗျာ။

ပါးရေနပ်ရေရှိတဲ့ သရုပ်ဆောင်များကျတော့လည်း သူပုန်လူကြမ်းဘဝ မရောက်ရဘဲ နိုင်ငံရေးဇာတ်လိုက်ဘဝနဲ့ချည်း လှလှပပ တင်ဆက်ပြသွားတတ်ပါတယ်။ မောင်မှန်ရှေ့က ပြောခဲ့တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ခြောက်ခွေတွဲ ဗီဒီယိုကားကြီးဟာ မင်းသားတစ်ယောက်က ရဲထောက်လှမ်းရေး လုပ်ပါတယ်။ ဒီမိုကရေစီအင်အားစုများကို လိုက်လံ ဖမ်းဆီး နှိပ်ကွပ်ပေါ့။ ပြောလိုက်သမျှ စကားတွေကလည်း စစ်အာဏာရှင်စနစ် ကောင်းကြောင်းတွေချည်းပဲ။ နအဖနဲ့ ပြည်ခိုင်ဖြိုး အကူးအပြောင်းကာလဆိုတော့ သူ့စကားဟာ တင့်တယ်ပေတာပေါ့။ တကယ့် နိုင်ငံရေးဇာတ်လိုက်ကြီး၊ တိုင်းပြည်ရဲ့ အန္တရာယ်ရန်စွယ် အသီးသီးကို ကာကွယ် စောင့်ရှောက်နေသူကြီးပေါ့။

နောက် လေးငါးနှစ်လောက်ကြာတော့ NLD အခြေအနေ ကောင်းလာတယ်။ ဒီတော့ ကောင်းကျိုးကိုယ်၌ တည်စေမင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမ မူလလက်ဟောင်း နိုင်ငံရေးဇာတ်လိုက်ဟာ နိုင်ငံရေးဇာတ်လိုက်အဖြစ်ပဲ ပြန်လည် ပါဝင်လာပါတယ်။ ၁၉၈၈ နောက်ခံမှာ နိုင်ငံရေးဇာတ်လိုက်ဟာ ခွပ်ဒေါင်းအလံကြီးကိုင်ကာ ဒီမိုကရေစီ ရရှိရေး ဒို့အရေး ကြွေးကြော်လို့ပေါ့။ အပြောင်းအလဲများတယ် မြန်သကိုးခင်ဗျ။ ခုနကပဲ ရဲ၊ အခုပဲ တော်လှန်ရေးသမား၊ အိုဘားမား သမ္မတဖြစ်စက ကြွေးကြော်ခဲ့တဲ့ Change, Change, Change ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။ အချိန်တွေခြားတယ်လို့ ဆင်ခြေတက်ရင် တက်နိုင်ပေမယ့် စစ်အာဏာရှင်စနစ်က တဆက်တစပ်ထဲလေ။ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှုရဲ့ အလှတရား ဆိုတာ ဒါမျိုးပေါ့ခင်ဗျာ။ မောင်မှန်က အဲဒီမင်းသားကို မနာလို မရှုစိမ့်လို့ ရေးနေတာ မဟုတ်ပါဘူး။ အလွန်မြန်ဆန်တဲ့ အပြောင်းအလဲများဟာ ပြည်သူရှေ့မှာ အမြင်မတော်လွန်းလို့ပါ။ ကိုယ့်အတွက်လည်း ရုပ်ပျက်၊ အများအတွက်လည်း ရုပ်ပျက်လွန်းလို့ပါ။ နောက်တစ်ခါ ထပ် ခေတ်ပြောင်းရင် နောက်တစ်ခါ စစ်ထောက်လှမ်းရေးအဖြစ် သရုပ်မဆောင်ဖြစ်အောင် သတိပေးတဲ့သဘောလောက်ပါ။ အနုပညာသမားဆိုတာ လူထုကို အလင်းပေးနေသူတွေ မဟုတ်ပါလားခင်ဗျာ။

နိုင်ငံရေးဇာတ်လိုက်ချည်း တောက်လျှောက် လုပ်ခဲ့သူကို ပါးရေနပ်ရေ ရှိတယ်လို့ ပြောရတာက အရင် အကယ်ဒမီဘုတ်အဖွဲ့က သူပုန်လူကြမ်းဆို အကယ်ဒမီ မပေးရဆိုတဲ့ မူရှိသတဲ့။ (သူပုန်ဇာတ်လိုက်ဆိုလည်း မရပါဘူး။ ပိုတောင် ဆိုးမယ်ထင်တယ်။) ရဲဇာတ်လိုက်တို့ ၈၈ ဇာတ်လိုက်တို့ကတော့ အသာတကြည်ပဲ အကယ်ဒမီ ရနိုင်တာပေါ့။ မောင်မှန်ကြားဖူးတာက နော်ကူးမ ဇာတ်ကားမှာ မင်းသားကြီး အောင်လွင်က ကရင်သူပုန်နဲ့ (KNU)အဖြစ် သရုပ်ဆောင်တယ်။ (၁၉၇၄ လောက် ဖြစ်မယ်။ ဇာတ်ကောင်အမည်က စောမူးသာ ထင်တယ်) အဲဒါနဲ့ အကယ်ဒမီရတယ်။ မဆလ လူကြီးတွေ သဘောမတွေ့ခဲ့ကြဘူး။ အဲဒီနောက်ပိုင်း သူပုန်ဇာတ်ရုပ်ဆို ဘယ်လောက်ကောင်းကောင်း အကယ်ဒမီ မပေးတော့ဘူး။ ကျေးဇူးကမ္ဘာဆိုတဲ့ ကားမှာ မင်းသားကြီး ဇော်လင်း ကချင်သူပုန်(KIA)လုပ်တာ ဘယ်လိုပင်ကောင်းပေမယ့် မူအရ အကယ်ဒမီ မရခဲ့ဘူးလို့ ရုပ်ရှင်ဒါရိုက်တာကြီးတစ်ယောက်က မောင်မှန်ကို ပြောပြဖူးတယ်။ ဒီတော့ ရုပ်ရှင်သမားတွေက သူပုန်အဖြစ် သရုပ်ဆောင်ချင်ကြဟန် မတူဘူး။ တဟီးဟီး တဟားဟား လုပ်ရတဲ့ လူကြမ်းတွေကတော့ အဓိက ဇာတ်ရုပ်မှ မဟုတ်တာပဲလေ။

ခေတ်တွေ၊ အာဏာပိုင်ဆိုင်မှုတွေဆိုတာ ပြောင်းလဲတတ်ပါတယ်။ လူကြမ်းနဲ့ ဇာတ်လိုက်နေရာဟာလည်း ခေတ်ပေါ်လိုက်ပြီး ပြောင်းလဲတတ်တာ သဘာဝပေါ့။ ပြည်သူကတော့ ဘယ်တော့မှ မပြောင်းလဲ၊ တသမတ်ထဲ ရှိနေတယ်ဆိုတာ အနုပညာရှင်များ သတိချပ်သင့်ကြောင်းပါ ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly