ဒေါ်နယ်ထရန့်က လူမည်းများဖက်လှည့် မဲဆွယ်ပြန်

ဒေါ်နယ်ထရန့်က လူမည်းများဖက်လှည့် မဲဆွယ်ပြန်

နယူးယောက်၊ သြဂုတ် ။            ။ ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က လူမည်းအားအတွက် တိုက်ရိုက်ပြောဆိုမှုအဖြစ် သင်တို့ ဘာတွေ ဆုံးရှုံးနေသလဲ ဆိုကာ ပြောဆို၍ မဲဆွယ်လိုက်သည်။

မီချီကန်တွင် မဲဆွယ်ပွဲ၌ လူဖြူများသာ အများစုရှိနေသော်လည်း လူမည်းမဲပေးသူများက ဆင်းရဲစွာနေနေရကြောင်း၊ တက်ရသည့် ကျောင်းများလည်း ကောင်းမွန်ခြင်း မရှိကြောင်း ထရန့်က ပြောလိုက်ခြင်းဖြစ်သည်။

ဒီမိုကရက်များသာ ရှုံးသွားပါက လူမည်းများအတွက် လုပ်ဆောင်ပေးမည်ဟုလည်း ၎င်းက ကတိပေးသည်။

“အရင်လူတွေကိုပဲ မဲပေးရင် အရင်ကအတိုင်းပဲ ဖြစ်နေမှာပဲ။”ဟု ထရန့်က ဆိုသည်။

ယှဉ်ပြိုင်ဖက်ဖြစ်သူ ဟီလာရီကလင်တန်ကိုလည်း လူမည်းအလုပ်လက်မဲ့များအတွက်ဆိုတာထက် ဒုက္ခသည်များအတွက်သာ အလုပ်အကိုင်ဖန်တီးပေးမည့်သူဟု ပြောဆိုကာ လူမည်းများက ကိုယ်ပိုင်နိုင်ငံအတွင်း ဒုက္ခသည်ဖြစ်လာနေပြီဟုလည်း ထရန့်က ထိုးနှက်လိုက်သည်။

ထရန့်၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး အသိဉာဏ်မဲ့လွန်းသည်ဟု ဟီလာရီကလင်တန် ပြန်လည်ပြောဆိုသည်။

ဒေါ်နယ်ထရန့်က ၂၀၂၀ တွင် ဒုတိယသက်တမ်း ထပ်ယှဉ်ပြိုင်ရချိန်၌ဆိုလျှင် သူ့အတွက် လူမည်းများမဲက ၉၅ ရာခိုင်နှုန်း ရရှိလာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းပြောဆိုသည်။

အမေရိကန်သမိုင်း၌ လူမည်းများ၏ မဲ သမိုင်းတင်အများဆုံး ရရှိသည့် သမ္မတ အိုဘားမားကိုယ်တိုင် ၂၀၁၂ မဲရလဒ်တွင် လူမည်းများ၏ မဲ ၉၃ ရာခိုင်နှုန်းသာ ရထားခြင်းဖြစ်သည်။

ထရန့်အနေဖြင့် လက်ရှိ၌ လူမည်းများ၏ ထောက်ခံမှုက စိတ်ပျက်စဖွယ် ကြုံတွေ့နေရသည်။

လက်ရှိမဲရလဒ်များအရ နယူးယောက်အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရန့်အား ထောက်ခံသည့် လူမည်းများ၏ မဲက နှစ်ရာခိုင်နှုန်းသာ ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly