ဖိလစ်ပိုင်အစိုးရနှင့် သူပုန်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ဖိလစ်ပိုင်အစိုးရနှင့် သူပုန်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

မနီလာ၊ သြဂုတ် ၂၀ ။                 ။ ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်များအကြား အပစ်အခတ်ရပ်စဲရေးကို သြဂုတ် ၂၁ ရက်တွင် စတင်ရန် နှစ်ဖက်စလုံးက ကြေညာလိုက်သည်။

နှစ်ပေါင်း ၄၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အာရှတိုက်၏ အရှည်ကြာဆုံး ပြည်တွင်းစစ်များအနက် တစ်ခုဖြစ်သည့် တိုက်ပွဲများကို အပြီးတိုင် အဆုံးသတ်ရေး အတွက် သြဂုတ် ၂၂ ရက်တွင် နော်ဝေနိုင်ငံ၌ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးသွားကြမည်ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ကွန်မြူနစ်ခေါင်းဆောင်များကို လွှတ်ပေးရန် သမ္မတရိုဒရီဂို ဒူတာတေးက  သြဂုတ် ၁၉ ရက်တွင် ဆုံးဖြတ်ပြီးနောက် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီက ၇ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့သည်။

အစိုးရက အပစ်အခတ်ရပ်စဲရေးကို ဇူလိုင်လအတွင်းက တစ်ဖက်သတ်ကြေညာခဲ့သော်လည်း သူပုန်များက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် သမ္မတဒူတာတေးက ကြေညာချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

“ဆွေးနွေးပွဲတွေ အောင်မြင်ပြီး ငြိမ်းချမ်းရေးရတဲ့အထိ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်သွားမှာပါ” ဟု ဖိလစ်ပိုင်သမ္မတ၏ ငြိမ်းချမ်းရေးအကြံပေးဂျီးဇက်ဒူရီဇာက သတင်းထောက်များကို ပြောကြား သည်။

နော်ဝေတွင် သြဂုတ် ၂၂ ရက်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လွတ်မြောက်လာသည့် သူပုန်ခေါင်းဆောင် ခြောက်ဦးထက်မနည်း တက်ရောက်မည်ဟု ဒူဇာရီက ပြောကြားသည်။

ဖိလစ်ပိုင် ပြည်တွင်းစစ်အတွင်း သေဆုံးသူ ၃၀၀၀၀ ရှိသွားပြီဖြစ်ကြောင်း အစိုးရက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly