ဆင်းရဲတွင်းက အလွတ်ရုန်းနေတဲ့ မြန်မာနိုင်ငံအတွက် အလုပ်အဖြစ်နိုင်ဆုံး မူဝါဒက ဘာပါလဲ

ဆင်းရဲတွင်းက အလွတ်ရုန်းနေတဲ့ မြန်မာနိုင်ငံအတွက် အလုပ်အဖြစ်နိုင်ဆုံး မူဝါဒက ဘာပါလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က ပထမဆုံး ဒီမိုကရေစီကျကျ ရွေးကောက်ခံ အရပ်သား အစိုးရသစ်အနေဖြင့် ရာစုနှစ်ဝက် စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည့် မြန်မာနိုင်ငံတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှုများ ဖော်ဆောင်နိုင်ရေးကို ကြိုးကုတ် အားထုတ်နေရသည်။ ဆင်းရဲမွဲတေမှုဒဏ် ရင်ဆိုင်နေရသည့် နိုင်ငံတွင် အစိုးရသစ်က ခြွေတာရေး ပေါ်လစီမူကြမ်းကို ဦးစားပေး ကျင့်သုံးမည်ဟု ထုတ်ပြန်ထားခဲ့သော်လည်း အစီအစဉ်၊ စီမံကိန်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်သေးခြင်း မရှိပေ။

ထိုအရေးကြီးသည် ကိစ္စရပ်အပေါ် သုံးသပ်ရေးအတွက် သက်ဆိုင်ရာ အဓိကပုဂ္ဂိုလ်များ၊ မူဝါဒ ချမှတ်သူများက “မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးရေး မူဝါဒဆွေးနွေးမှု” ညီလာခံကို နေပြည်တော်တွင် ကျင်းပသည်။ အဆိုပါ တစ်ရက်တာ မူဝါဒဆွေးနွေးပွဲကို Mizzima Media နှင့် ActionAid Myanmar တို့က စီစဉ်ကာ သြဂုတ် ၆ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အမြင်သဘောထားများစွာ ဆွေးနွေးခဲ့ကြသော်လည်း အဓိက ချပြလိုသည့် အချက်မှာ ကောင်းမွန်ပြည့်စုံသော အခွန်စနစ်နှင့် ထိရောက်သော၊ တာဝန်ခံမှုရှိသော၊ ချင့်ချိန်မှုရှိသော အသုံးစရိတ် ချမှတ်ခြင်းများဖြင့် မြန်မာအစိုးရ၏ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အား ဖော်ဆောင်သွားရေးပင်ဖြစ်သည်။

အခွန်ရှောင်တိမ်းခြင်းများကို ကိုင်တွယ်မည့် မူဝါဒလိုအပ်ချက်အား ဖြေရှင်းခြင်း၊ အခွန် လုပ်ထုံးလုပ်နည်းများ ရိုးရှင်း ခိုင်မာမှုရှိခြင်းနှင့် အခွန်ရုံး၏ ထိရောက်သော လုပ်ဆောင်မှုများသည် နိုင်ငံတွင် အခွန်ထမ်းခြင်း ယဉ်ကျေးမှု တည်ဆောက်ရေး၌ အရေးကြီးသော ခြေလှမ်းအချို့ပင်။ ထိရောက်သည့် အသုံးစရိတ်များ သုံးစွဲ လာချိန်တွင် ပြည်သူများ ပါဝင်မှု၊ တာဝန်ခံမှုနှင့် ဆင်းရဲမှုလျှော့ချရေးကို ပစ်မှတ်ထားသော စီမံချက်များနှင့် မူဝါဒ လုပ်ငန်းစဉ်များအပေါ် စောင့်ကြည့်မည့် လွတ်လပ်သော စာရင်းစစ် ယန္တရားလည်း လိုအပ်မည် ဖြစ်ကြောင်း မူဝါဒဖော်ဆောင်သူများက ထောက်ပြသည်။

ဆင်းရဲ မွဲတေမှုလျှော့ချရေး လုပ်ဆောင်မှု

“အစိုးရရဲ့ ဆင်းရဲမှု၊ မညီမျှမှုများ လျှော့ချရေးလုပ်ငန်းစဉ်နဲ့ ပြည်သူတွေ လူမှုဘဝ အခြေအနေ မြင့်မားရေး တွေကို မကြာသေးခင်က ထုတ်ပြန်ထားတဲ့ စီးပွားရေးမူဝါဒစာတမ်းမှာ ဖော်ပြထားပါတယ်”ဟု ဆွေးနွေးပွဲ အဖွင့်တွင် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။ “စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးက အစိုးရရဲ့ အခြေခံအုတ်မြစ်ပါ”ဟု ဦးဝင်းထိန်က ပြောပြီး အစိုးရအနေဖြင့် စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် လူမှု အဖွဲ့အစည်းများ၏ အမြင်သဘောထားများကိုလည်း ဖိတ်ခေါ်လျက်ရှိနေကြောင်း မှတ်ချက်ပြုပြောသည်။ အစိုးရလုပ်ငန်းစဉ်များ ထိရောက်ဖို့ရန် မူဝါဒများချမှတ်ရာတွင် ထောင့်ပေါင်းစုံက ဖြည့်ဆည်းသွားရန်နှင့် ပြည်သူတို့၏ တုံ့ပြန်ချက်များကလည်း အလွန်အရေးကြီးကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အစိုးရက အုပ်ချုပ်ချိန်ကာလ ရက် ၁၀၀ ကျော် လင့်ခဲ့ပြီးဖြစ်သော်လည်း စောင့်ကြည့်သူများ၊ စီးပွားရေးပညာရှင်များနှင့် သဘောထားသုံးသပ်သူများအတွက် စိန်ခေါ်မှုတစ်ရပ်က လက်ရှိတွင် သတင်း ထုတ်ပြန်ချက်နှင့် ပွင့်လင်းမြင်သာမှုတို့ ချို့တဲ့နေခြင်းဖြစ်သည်။ “အုပ်ချုပ်ရေး ထိပ်ပိုင်းအဆင့်မှာ မူဝါဒက ရှင်းလင်းမှု မရှိဘူး။ ဒါကြောင့် အောက်ခြေအဆင့်အနေနဲ့ ဘယ်လို ရှင်းရှင်းလင်းလင်း ရှိနိုင်ပါ့မလဲ”ဟု Renaissance Institute မှ ဖွံ့ဖြိုးမှုဆိုင်ရာ စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောသည်။

သို့သော် စိန်ခေါ်မှုပေါင်းများစွာ ဖိစီးခံရသည့် အစိုးရအတွက် ဆင်းရဲမှု လျှော့ချရေးက ဘယ်လောက် အရေးကြီးပါလဲ။ “ဆင်းရဲမှုလျှော့ချရေးအတွက် အသုံးစရိတ်တိုးဖို့ အခွန်တွေ ပိုတိုးရရှိမှ ဖြစ်မယ်။ ဒီအတွက် အခွန် ဖွဲ့စည်းပုံစနစ်တွေ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် ပူးတွဲပြည်သူ့ ငွေစာရင်းကော်မတီဝင် ဦးဇော်ဖေဝင်းက ပြောသည်။ ထိရောက်သည့် အသုံးစရိတ်ဖြစ်ရန် သင့်တော်သည့် အစီအမံများ လိုအပ်ပြီး တာဝန်ခံမှုရှိရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့များလည်း လိုအပ်သည်။ သို့သော်လည်း အမှန်ဖြစ်နေသည်က ဆင်းရဲမှုလျှော့ချရေးကို မည်သည့်အခါမျှ ဦးစားပေး ပထမ မထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဦးစားပေးအဖြစ် နေရာမထားခြင်းက ပြဿနာတစ်ရပ်ပင်။

အခွန်ပြဿနာအပေါ် ကိုင်တွယ်ခြင်း

မြန်မာနိုင်ငံ၏ နုံချာလျက်ရှိနေသည့် အခွန်ကောက်ယူခြင်းနှင့် အခွန်စနစ်ကို မည်သို့မြှင့်တင်မည်ကိုလည်း ဆွေးနွေးပွဲတွင် ဆွေးနွေးကြသည်။ “အခွန်ဆောင်တာတွေ အဆင်ပြေချောမွေ့ဖို့ ကျွန်တော်တို့ ဘယ်လို လုပ်မလဲ။ အမှန်အိမ်ခြံမြေအခွန်က ၃၅ ရာခိုင်နှုန်းရှိတယ်။ ဘဏ္ဍာငွေတိုးဖို့ အခွန်တိုးကောက်ဖို့ မလိုဘူး။”ဟု Institute of Asian Research မှ ဒေါက်တာအောင်တင်က ပြောသည်။

“စနစ်ပိုကျကျနဲ့ဆို ကျွန်တော်တို့ အခွန်တွေ ပိုတိုးရနိုင်မယ်။ အိမ်ခြံမြေခွန် တစ်ခုတည်းကနေ ငါးရာခိုင်နှုန်း အခွန် တိုးကောက်နိုင်မယ်။ ကျွန်တော်တို့မှာ အခွန်ဥပဒေတွေ ဘယ်လောက်ရှိလဲ။ ရိုးရှင်းဖို့တော့ လိုပါတယ်”ဟု Max Myanmar Holdings မှ COO ဒေါက်တာ သောင်းဟန်က ပြောသည်။ အခွန်အရာရှိများ အနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း စည်းမျဉ်းများဖြင့် လိုက်လျောညီထွေ ဖြစ်ရေးလည်း လေ့ကျင့်လေ့လာ ထားသင့်ကြောင်း ၎င်းက ပြောသည်။

အလှူရှင် နိုင်ငံများနှင့် အဖွဲ့အစည်းများက ကမ္ဘောဒီးယားနှင့် ကင်ညာတို့ကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အခွန် စီမံခန့်ခွဲမှုများ မြင့်မားရေးနှင့် အခွန်စနစ်အတွင်း ကုမ္ပဏီများစွာပါဝင်လာရေးတို့ ကူညီပေးလျက်ရှိသည်။ ရလဒ်အဖြစ် ယင်းနိုင်ငံများက လူမှုအသုံးစရိတ်များအတွက် နှစ်စဉ် ရန်ပုံငွေ သန်းပေါင်းများစွာ ပိုမိုရရှိနေသည်။ အစခြေလှမ်းအတွက် ဝင်ငွေခွန်ဆောင်သော လူတိုင်း အခွန်ထမ်း အသိအမှတ်ပြုနံပါတ် ထုတ်ပေးသင့်ကြောင်း ၎င်းကပြောသည်။

ဖွံ့ဖြိုးပြီး နိုင်ငံအများစုက နိုင်ငံသားအများစုကို အခွန်ကောက်ခံခြင်း မရှိကြောင်း ဒေါက်တာသောင်းဟန်က ထောက်ပြသည်။ သို့သော်လည်း မြန်မာပြည်သူများအနေဖြင့် ဆင်းရဲမွဲတေမှု လျော့ပါးရေးတွင် ပါဝင်ကာ အခွန် ထမ်းဆောင်ရမည်ကို နားလည်ထားရမည်ဖြစ်သည်။ “ဒါက ကျောင်းတွေထဲက ထည့်ပေးရမယ့် အသိတရားပါ။ အခွန်ပေးဆောင်ရမယ့် တာဝန်ကို။ အခွန်ထမ်းစိတ်ဓာတ်ကို မိတ်ဆက်ပေးဖို့ ဖေ့ဘုတ်လိုက တစ်ဆင့်လည်း ပို့စ်တွေနဲ့ တွန်းအားပေးသွားရမယ်။ SMS မက်ဆေ့ချ်တွေ ပို့ပြီးလည်း အခွန် ဘယ်အချိန် ဆောင်ရမယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေကို အသိပေးသွားရမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

တင်းကျပ်သည့် ဘဏ္ဍာရေး စနစ်အောက်တွင် ကုမ္ပဏီကြီးများ လိုက်ပါနိုင်ရန်အတွက် ဂရုစိုက် စောင့်ရှောက်မှုလည်း လိုအပ်လိမ့်မည်။ “သူတို့ကို အခွန်ပေးဆောင်ဖို့ စည်းရုံးရမယ်။ မက်လုံးနဲ့အတူ တာဝန်ခံမှုတွေ ပေးပြီးပါ။ အထူးသဖြင့် ချမ်းသာတဲ့ သူတွေနဲ့ ကုမ္ပဏီတွေအပေါ်ပါ” ဟု Myanmar Garment Association မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

“နိုင်ငံခြား သွားလုပ်နေသူတွေရဲ့ ငွေလွှဲပို့တာမျိုးတွေ ဆတိုးပွားလာနေတယ်။ ဒါက အခြားဝင်ငွေ ရင်းမြစ်တစ်ခု ရှိထားတာပဲ။  သူတို့တွေအတွက် ငွေပို့တာတွေမှာ ပိုပြီးကောင်းတဲ့ နည်းလမ်းတွေကို ဖော်ထုတ်ပေးဖို့ လိုတယ်”ဟု Institute of Asian Research မှ ဒေါက်တာ အောင်ထွန်သက်က ဆိုသည်။ ပြဿနာတစ်ခုမှာ ရွှေ့ပြောင်းလုပ်သားများက ဘဏ်များကို မယုံကြည်ကြဘဲ မြန်မာနိုင်ငံတွင်းက မိသားစုတွေဆီ ငွေ့ပို့သည့်အခါများ၌ အပြင်ဝန်ဆောင်မှုများက လွှဲပို့နေကြခြင်းဖြစ်သည်။

မှောင်ခိုဈေးကွက်ကို ထိန်းခြင်း

သစ်လုံးမှသည် ကျောက်မျက်ရတနာအထိ သဘာဝရင်းမြစ်များ တင်ပို့မှုတွင် အများစုက မှောင်ခိုတင်ပို့ခြင်းနှင့် အခွန် ရှောင်တိမ်းခြင်းတို့ကြောင့် ဘဏ္ဍာငွေများ ဆုံးရှုံးနေကြောင်း ပါဝင်သူတစ်ချို့က မှတ်ချက်ပြုသည်။ “ငါးဖမ်းလိုင်စင်၊ သစ်တင်ပို့မှုတွေ ဒါတွေကနေ အစိုးရဘဏ္ဍာငွေရဖို့  လမ်းကြောင်းဖော်ဖို့လိုတယ်။”ဟု Center for Economic and Social Development မှ ဥက္ကဌနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စာအုပ်များစွာ ရေးသားခဲ့သည့် ဒေါက်တာ တင်မောင်သန်းက အကြံပြုသည်။

“မြန်မာနိုင်ငံက သဘာဝ သယံဇာတရင်းမြစ်များကို လွဲမှားစွာ အသုံးချနေတယ်။ ကျောက်မျက်လုပ်ငန်းက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရှိတယ်။ စဉ်းစားကြည့်ရအောင်၊ ဒီကနေ ဆယ်ရာခိုင်နှုန်း အခွန် ကောက်နိုင်မလားဆိုတာကို”ဟု Max Myanmar Holdings မှ COO ဒေါက်တာသောင်းဟန်က ဆွေးနွေးသည်။ တစ်ချိန်တည်းတွင် သဘာဝဓာတ်ငွေ့မဟုတ်၊ စက်မှုထုတ်ကုန်မဟုတ်သော ကုန်စည်များ တရားဝင်တင်ပို့မှု ပမာဏနှင့် တန်ဖိုးက ပြီးခဲ့သည့်နှစ်နှစ်၌ ကျဆင်းကြောင်း၊ ကမ္ဘာ့ကုန်စည်ဈေးနှုန်းပေါ် မူတည်၍ ဖြစ်ရခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က ကုန်သွယ်ရေးလိုငွေသည် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံ ပြနေကြောင်း ၎င်းက ထောက်ပြသည်။

စိုက်ပျိုးရေး ပစ်မှတ်များ

စိုက်ပျိုးရေးတွင် အကြီးအကျယ် ရင်းနှီးမြုပ်နှံမှုနှင့် လယ်မဲ့ယာမဲ့များအား မြေယာခွဲဝေမှုက စိုက်ပျိုးရေး ထုတ်ကုန် တရားဝင်တင်ပို့မှုကို မြင့်မားစေနိုင်မည်ဖြစ်သည်။ “ဆန်တင်ပို့မှုက အပြောင်းအလဲမရှိဘူး ၁ ဒဿမ ၈၈ သန်း တန်ချိန်ပဲရှိတယ်။ ဒါက ၁၉၉၈ ခုနှစ်ကတည်းကပဲ။ အဲဒီကတည်းကပဲ ကျွန်တော်တို့တွေ ဆည်တွေ တာတမံတွေကို ဆောက်ထားတာ ၅၀၀ ရှိတယ်။ ဒါပေမယ့် ဆန်တင်ပို့မှုက မတိုးလာဘူး။ ဆည် တာတမံတွေကို ရပ်ပစ်ဖို့လိုတယ်။ လယ်သမားတွေဘဝ ဘယ်လိုတိုးတက်အောင် ဖော်ဆောင်မလဲဆိုတာ နည်းလမ်းရှာရမယ်”ဟု စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောသည်။ “အစိုးရသစ်၏ ပထမဦးစားပေးလုပ်ရမှာက အစိုးရ ဗျူရိုကရက်တွေရဲ့ သဘောထားတွေကို ပြောင်းလဲဖို့ပဲ”ဟု ၎င်းကဆိုသည်။ “ဒါကကျွန်တော်တို့ကြုံနေတဲ့ အကြီးဆုံး စိန်ခေါ်မှုတွေက တစ်ခုပဲ။ အစိုးရ ဗျူရိုကရက်တွေရဲ့ အကျင့်ပျက် လာဘ်စားမှုတွေက အမြစ်မြဲနေပြီ”ဟု ၎င်းက ထပ်လောင်းပြောသည်။

“ဖိုရမ်တွေ အများအပြား လုပ်တယ်။ ဒါပေမယ့် လယ်ယာမဲ့နဲ့ လယ်အနည်းငယ်ပဲ ပိုင်သူ လယ်သမားတွေရဲ့ ပြဿနာတွေကို ဆွေးနွေးတဲ့ ဖိုရမ်မျိုးမရှိဘူး။ ဆင်းရဲမွဲတေမှုလျှော့ချရေးမှာ သူတို့က အဓိကလူဦးရေပဲ။ ဆိုရှယ်လစ် ပေါ်လစီတွေရဲ့ သက်ရောက်မှုတွေ ခံနေရတာပဲ”ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

ကျေးလက်ဒေသ အထူးသဖြင့်စိုက်ပျိုးရေးကဏ္ဍ ပြန်လည်နိုးထလာအောင် လုပ်ပြီး ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် လယ်လုပ်သူများ၊ လယ်သမားများ၏ အလုပ်ရွှေ့ပြောင်းသွားရောက်မှုများ လျှော့ချနိုင်ရေး အတွက် လုပ်ဆောင်သွားရန်လိုကြောင်း ဒေါက်တာထွန်းဝင်းက ထောက်ပြသည်။ ဆင်းရဲမှုလျှော့ချရေးတွင် ထိရောက်သော သုံးစွဲမှုများကို ဝန်ကြီးဌာနများ၏ အားထုတ်မှုများနှင့် ဗျူရိုကရက်အရာရှိများ၏ အမူအကျင့်များ ပြောင်းလဲပစ်ရန်လည်း ပါဝင်သည်။

ကမ္ဘာလုံးဆိုင်ရာ အဆင်းရဲဆုံး

မြန်မာပြည်သူများ၏ ပျမ်းမျှဝင်ငွေသည် တစ်နေ့ ၃၈၀၀ သို့မဟုတ် သုံးဒေါ်လာရှိကြောင်း ၂၀၁၀ အစိုးရ စာရင်းများအရသိရပြီး ဆင်းရဲမှု သတ်မှတ်အမှတ် တစ်နေ့ ဒေါ်လာ ၂ ဒဿမ ၅၀ အောက် ဝင်ငွေဖြစ်ကြောင်း ဦးဇော်ဖေဝင်းက ပြောသည်။ ၂၀၁၀ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂၆ ရာခိုင်နှုန်းက ထိုဆင်းရဲမှု မှတ်အောက်တွင် ကျရောက်နေသည်။ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမှုကို တော်ရုံဆင်းရဲခြင်းနှင့် ချွတ်ခြုံကျဆင်းရဲခြင်းအဖြစ် ခွဲခြားထားသည်။ လယ်သမားများ၏ ဝင်ငွေအရ တစ်နေ့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅၀ ဒေါ်လာဖြင့် ဆင်းရဲမှုအဆင့်နှင့် ထိုလောက်ပင် မရသည့် ချွတ်ခြုံကျဆင်းရဲမှုတို့ဖြင့် နေထိုင်နေရသည့် ဘဝများဖြစ်သည်။ ဝင်ငွေတစ်ခုတည်းဖြင့် ဆင်းရဲမှုကို သတ်မှတ်လို့လည်း မရပေ။

“လူမှုရေးနဲ့ နိုင်ငံရေး ပြဿနာများကြောင့်လည်းဖြစ်တယ်။ ပညာသင်ယူမှုတွေ၊ ဝန်ဆောင်မှုတွေ၊ လူမှုနယ်ပယ်အတွင်း ဝင်ဆံ့မှုတွေနဲ့လည်း တိုင်းတာတယ်။ အစိုးရအနေနဲ့ ဒါတွေကို ပိုဖြေရှင်းပေးဖို့လိုတယ်။ ဆင်းရဲသားများထံ ချေးငွေထုတ်ပေးတာ တစ်ခုတည်းနဲ့တော့ မရဘူး”ဟု ၎င်းက ပြောသည်။

အခွန်ဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များ အထူးသဖြင့် အခွန်ထမ်းစိတ်ဓာတ် မြင့်တင်ခြင်းနှင့် အခွန် ရှောင်ခြင်းများအား ကိုင်တွယ်ဖြေရှင်းတို့အားဖြင့် ကောင်းမွန်စွာဖော်ဆောင်မှုများနှင့် ဖွံ့ဖြိုးမှုများရရန် လုပ်ဆောင်သင့်ကြောင်း ပူးတွဲပြည်သူ့စာရင်းကိုင်ကော်မတီ ဥက္ကဌ ဦးအေးသာအောင်ကလည်း အလေးထားပြောသည်။ “အခြားနိုင်ငံတွေလည်း အခွန်ပိုကောက်ဖို့လုပ်နေကြတာပဲ။ ဒါပေမယ့် ဒါက ဆင်းရဲသား ပြည်သူတွေအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်တယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို ထောက်ထားပြီး ထည့်တွက်ဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။ “ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကို ပြန်သုံးသပ်တော့ ဘဏ္ဍာငွေ ကျပ် ၉၀၀ ဘီလီယံရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီထက်ပို ကုန်ကျသုံးစွဲနေရတယ်။ ဗဟိုဘဏ်က ပိုက်ဆံပို ရိုက်ထုတ်ရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ခေတ်နောက်ပြန်ဆွဲ အခွန်စနစ်ကို ပြုပြင်ရန်လည်း လိုကြောင်း ဦးဇော်ဖေဝင်းက ပြောသည်။ “ကျွန်တော်တို့ ကျပ်သန်း ၃၀ ကျော် ရတယ်ဆို အခွန်နှုန်းက ၂၅ ရာခိုင်နှုန်းဖြစ်တယ်။ ဒါကြောင့် ၃၁ သန်းပဲ ဝင်ဝင် သန်း ၆၀ ဝင်ဝင် အခွန်ပေးရတဲ့ နှုန်းက အတူတူပဲ။ သန်း ၁၀၀ ကနေ သန်း ၁၅၀ ကျပ် ဝင်ရင် အခွန်နှုန်း ၄၀ ရာခိုင်နှုန်း ကောက်သင့်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးပဲ”ဟု ၎င်းက ပြောသည်။

အခွန်နှင့် ဂျီဒီပီအချိုး မြင့်မားရေး အသိပညာတိုးပွားရန်လိုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မှတ်ချက်ပြုပြီး “အခွန်ကောက်ငွေက ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းတောင် မရှိဘူး။ တစ်ချို့ဝင်ငွေနည်းနိုင်ငံတွေမှာတောင် ရှစ်ရာခိုင်နှုန်းလောက် ရှိတတ်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်းတောင် ရှိတယ်။ ကျွန်တော်တို့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ သွင်းကုန်ခွန်တွေ သတ်မှတ်ကောက်ယူတယ်။ ပြီးတော့ ကုမ္ပဏီများအတွက် အခွင့်ဖြေလျှော့မှုတွေ ရှိထားတယ်။ နှစ်စဉ် ဒီလို ဖြေလျှော့မှုတွေကို ပြန်လည်သုံးသပ်ဖို့က အရေးကြီးတယ်။”ဟု ပြောသည်။

သို့သော် နိုင်ငံတော်ကြွေးမြီက စိုးရိမ်အဆင့် မရောက်သေးသော်လည်း စီးပွားရေးမူဝါဒတွင် အတိအကျ ဖော်ပြသည့် ဦးစားလုပ်ငန်းစဉ်များအတွက် ထိရောက်သော၊ ချင့်ချိန်သော သုံးစွဲမှုဖြစ်ရေးအတွက် ကျိန်းသေ အာမခံရစေရန် နိုင်ငံတော်ဘဏ္ဍာစီမံခန့်ခွဲမှုတွင် နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်သွားရန် လိုအပ်နေကြောင်း ၎င်းက ပြောသည်။ “အဖွဲ့အစည်းနယ်ပယ်တွေရဲ့ လိုအပ်ချက်ကို ရင်းနှီးမြုပ်နှံပေးဖို့ အရေးကြီးတယ်။ ပိုမို ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ချေးငွေပိုမိုချထားပေးဖို့လည်း လုပ်ဆောင်သွားဖို့လိုတယ်။”ဟု ဖြည့်စွက်ဆိုသည်။ ရှိဆဲအခွန်စနစ် ပြန်လည်သုံးသပ်မှုများကို အစိုးရက လုပ်ဆောင်နေကြောင်း၊ ပိုမိုရိုးရှင်းလွယ်ကူစွာဖြင့် အခွန်ဘဏ္ဍာမြင့်တင်နိုင်ရေး လုပ်ဆောင်နေကြောင်း ၎င်းက အလေးအနက်ထားပြောသည်။

နိုင်ငံတော်ဘဏ္ဍာ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကလည်း အရေးကြီးကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် သာတူညီမျှ ဖွံ့ဖြိုးရေးတို့အတွက် ပြောဆိုရာ၌ မူဝါဒချမှတ်မှုတွင် နိုင်ငံရေးဘောဂဗေဒ ရှုထောင့်ဖြင့် ထိထိရောက်ရောက် မူဝါဒများ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ဆွေးနွေးသည်။

ဒီမိုကရေစီ အုတ်မြစ်ခိုင်မြဲစေမည် စီးပွားရေးတက်ကြွမှုနှင့် လူမှုရေးဖွဲ့စည်းအားတို့ကို တည်ဆောက်ရေး အိပ်မက်အား အစိုးရက ဖော်ဆောင်ရန် လိုအပ်နေသည်။ “သဘာဝသံယဇာတ ရင်းမြစ် ခွဲဝေမှု တူမျှမှုရှိရေးက အရေးကြီးတယ်။ ဒါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို သွားရာမှာ အရေးကြီးတယ်။ တိုင်းရင်းသားအုပ်စုတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ စီရင်ပိုင်ခွင့် လိုလားကြတယ်။ ဒီပြဿနာတွေကို မဖြေရှင်းပဲ ကျွန်တော်တို့တွေ ရှေ့တိုးနိုင်မှာ မဟုတ်ဘူး”ဟု ဦးအေးသာအောင်က ပြောသည်။

ဆင်းရဲမွဲတေမှု လျှော့ချရေးတွင် နိုင်ငံရေးအရ လုပ်ဆောင်မှုက အရေးကြီးကြောင်း ပါဝင်သူများက ဆွေးနွေးကြသည်။ ပါဝင်ဆွေးနွေးကြသည့် ပညာရှင်များတွင် ဦးဇော်ဖေဝင်း၊ ဒေါ်ခင်မမမျိုးနှင့် ဒေါက်တာ တင်မောင်သန်းတို့က အခွန်အခြေပြုမှု တိုးချဲ့ရေးနှင့် ထိရောက်သောစနစ် ဖြစ်ထွန်းရေး၊ ဘဏ္ဍာရေး ဖက်ဒရယ်ဝါဒ၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပြုပြင်ပြောင်းလဲမှု၊ စီမံကိန်းများအား စောင့်ကြည့်ရေးနှင့် စာရင်းစစ်အပိုင်းများကို ထောက်ပြသည်။ ပေါ်လစီများ ဖြစ်မြောက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာ ဖြစ်ထွန်းရေးတို့အတွက် အလွန်အရေးကြီးသည်က မတူညီသော အဆင့်တိုင်း၊ ကွဲပြားသော နယ်ပယ်ကဏ္ဍတိုင်း၌ Capacity-building လိုအပ်သည်ဟုလည်း စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောသည်။

ပြည်သူတို့၏ မျှော်လင့်ချက်က မြင့်မားနေပြီး ရှေ့သို့ချီမည့် လမ်းကြောင်းကမူ မရှင်းလင်းပေ။ သို့သော် ယခုဆွေးနွေးပွဲ၏ ရှင်းလင်းထောက်ပြမှုများက မြန်မာ့တက်လမ်းသို့ လှမ်းချီနေသည့် အစိုးရအတွက် အကူအညီ အင်အားတစ်ရပ် ဖြစ်ပါလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly