ပင်လုံစာချုပ်နှင့်ပင်လုံစိတ်ဓါတ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အမြင်အား ဆန်းစစ်ခြင်း

ပင်လုံစာချုပ်နှင့်ပင်လုံစိတ်ဓါတ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အမြင်အား ဆန်းစစ်ခြင်း

ဒေါ်အောင်ဆန်းစုကြည်၏ အလိုအရ “ပင်လုံ စာချုပ်” သည် အဓိကမကျ။ “ပင်လုံ စိတ်ဓာတ်”သည်သာလျင် ပြည်ထောင်စု မြန်မာနိုင်ငံ ကိုထူထောင်ရန် နှင့် ၁၉၄ဂ ခုနှစ်တွင် ဗြိတိသျှ ထံမှ လွတ်လပ်ရေး ကို အရယူ ပေးနိုင်ခဲ့ ပြီး အဓိက ကျသော အချက်ဖြစ်သည်။

လွန်ခဲ့သော ဇွန်လ နှင့် ဇူလိုင်လများ တွင် NCA လက်မှတ်ရေးထိုးပြီး သည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ အစည်းများ နှင့် တစ်ကြိမ်၊ လက်မှတ်မထိုးသေးသော အဖွဲ့ များ နှင့် တစ်ကြိမ် အသီးသီးတွေ့ဆုံခဲ့ကြရာတွင် နှစ် ကြိမ် နှစ်ခါ  စလုံး ဒေါ်အောင်ဆန်းစုကြည်ကသူ၏  အဆိုပါ နိုင်ငံရေး အမြင် ကို အတိအလင်းပြောကြားခဲ့သည်။

နိုင်ငံရေး နိူးကြွားမှုမြင့်တက်နေသော တိုင်းရင်းသား အင်အားစု အသိုင်း အဝိုင်း နှင့် ယထာဘူတကျကျ စဉ်းစားတွေးခေါ်သည့် ဗမာ့နိုင်ငံရေး လောက တို့ တွင် ဤ ကိစ္စ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု ကိုဖြစ်စေ သည်မှာ အမှန်ပင်ဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဤကိစ္စ နှင့်ပတ်သက်၍ မည်သို့ တိတိကျကျပြောဆိုခဲ့သည် ကို အနီးကပ် စောကြော  လေ့လာကြည့် ရာ အောက်ပါအတိုင်းတွေ့ ရသည်။

သြဂုတ် လ (၄) ရက်ထုတ် သျှှမ်းသံတော်ဆင့်တွင်ဖေါ်ပြချက်အရဆိုလျင် ဇူလိုင် လ (၁ရ) ရက်နေ့ တွင် UNFC နှင့် ရန်ကုန်တွင်တွေ့ဆုံခဲ့စဉ် ကပင်လုံနှင့်ပတ်သက်ပြီး အောက်ပါအတိုင်းပြောဆိုခဲ့သည်ဟု သိရသည်။

”ပင်လုံညီလာခံဆိုတာပင်လုံ Agreement အပေါ်မှာအခြေခံမှာလား။ ပင်လုံစိတ်ဓါတ်အပေါ်မှာအခြေခံတာလား။ ပင်လုံသဘောတူညီချက်ဟာ ယေဘုယသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့ မဟုတ်ပါဘူး။ ပြန်ဖတ်ကြည့်မယ်ဆိုရင်တော့ အဓိကပါနေတာကကချင်နဲ့ ပတ်သက်တဲ့ဟာပါတာပါ။ တခြားတိုင်းရင်းသားတွေနဲ့ စာလို့ရှိရင်တော့အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ်၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြထားတာရှိပါတယ်။ ၈ မှာတော့ရှမ်းကိုဖော်ပြထားပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာလည်း တကယ်တော့ General ဖြစ်ပါတယ်။ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.အဲတော့ without prejudice ဆိုတာအဓိပ္ပါယ်အမျိုးမျိုးဖော်လို့ရပါတယ်။ အဲတော့ ပင်လုံစာချုပ်အတိုင်းသွားမယ်ဆိုလို့ရှိရင် တောင်မှလိုတိုးပိုလျှော့တွေ အများကြီးလုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါဟာကျမတို့အတွက် ပြဿနာမဖြစ်နိုင်ပါဘူး။ ပြဿနာကတကယ်ကျမတို့ သဘောတူညီမှု ယူချင်တယ်ဆိုလို့ရှိရင် ဘာမှပြသနာမရှိပါဘူး။ ကျမကပင်လုံစိတ်ဓါတ်လို့ပြောတာဟာ ပူးပေါင်းဆက်ဆံရေး။ ပူးပေါင်း ခြင်းအားဖြင့်ပေါ့နော်။ ဒါပေမယ့်ကျမတို့က စိတ်ဓါတ်ဘဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာပါတယ်။ မွန်မပါကယားမပါ။ မပါတာတွေအများကြီးဘဲ။ ဒါကြောင့်ကျမကပင်လုံစိတ်ဓါတ်ကို အခြေခံပါလို့ပြောတာ။ ပင်လုံစာချုပ်ကို အခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ ဗမာ၊ ရှမ်းနဲ့ဘဲပြီးသွားရော လားဆိုတာ- မဖြစ်နိုင်ပါဘူး။ နောက်ပင်လုံစာချုပ်ထဲက အတိုင်းလို့မပြောတာဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချင်လို့မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပင်လုံစာချုပ်ကကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ကျယ်ပြန့်ဖို့ ကျမတို့လိုပါတယ် တကယ့်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့။“

ဒေါ်စုဆိုလိုသည်မှာ ရှမ်းပြည်ထောင်များ နှင့် ချင်း၊ကချင်တောင်တန်း ဒေသများ သည် ဗမာနှင့် အတူ လွတ်လပ်ရေး ကို အတူတကွ ရယူရန် ဆုံးဖြတ်ခဲ့သည့် အချက် သည် လွတ်လပ်ရေး ကို ဆောင်ကျဉ်း ပေးခဲ့သည့် အချက် ဖြစ်သည့်အလျောက် ပင်လုံ ဟူသော မြို့ ကလေးတွင် ပင်လုံစိတ်ဓါတ်မွေးဖွားခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် ပင်လုံ စိတ်ဓါတ်သည်သာ လျင် ပင်လုံစာချုပ်ထက် ပို၍ အရေးကြီး သည် ဟုဆိုလိုရင်းဖြစ်သည်။

နောက်တစ်ချက်ထောက်ပြ ပြောဆိုသွားသည်မှာ ကရင်နီ၊ မွန်၊ ကရင် ၊ ရခိုင် နှင့် အခြား လူမျိုးများ မပါဝင်ခဲ့ သဖြင့် ပင်လုံစာချုပ်သည် ကျဉ်းမြောင်း နေသည်၊ ပို၍ ကျယ်ပြန့်အောင်လုပ်ရန်လိုအပ် သည်။  ပင်လုံစာချုုပ်ကို ပစ်ပယ်ကာ ပိုမိုပြည့်စုံသော စာချုပ်တစ်ခုဖြင့် အစားထိုးရမည်ဟု ဆိုလိုဟန်ရှိသည်။

စောစောပိုင်း (၂ဂ)ဇွန် လတွင် လက်မှတ်ရေးထိုးခဲသော အဖွဲ့ (ဂ)ဖွဲ့ နှင့် နေပြည်တော်တွင် တွေ့ ဆုံစဉ်ကလည်း အောက်ပါအတိုင်းတိတိကျကျ ပြောဆိုခဲ့သည်။

“ ပင်လုံညီလာခံဆိုတာဘာကိုပြောလိုတာလဲ၊ ပင်လုံစိတ် ဓါတ်ကို ပြောလိုတာလား၊စာချုပ် ကိုပြောလိုတာလား၊သဘောတူညီချက်ကို ပြောတာလား လို့ မေးခွန်းတွေမေးလာတာရှိပါတယ်၊ ပထမဦးဆုံးအား ဖြင့်တော့ ပင်လုံစာချုပ်ကိုဘဲ ပြော တာမဟုတ်ပါဘူး။ ပင်လုံစာချုပ်ကအဓိကမဟုတ်ပါဘူးလို့ပြောချင်ပါတယ်၊  ဘာဖြစ်လို့လည်း ဆိုတော့ ပင်လုံစာချုပ်ကအဲဒီအချိန်အခါတုန်းကလွတ် လပ်ရေးရဖို့ချုပ်ဆိုခဲ့ခြင်းပဲ ဖြစ်ပါ တယ်၊ လွတ် လပ်ရေး ကိစ္စနဲ့သက်ဆိုင်ပြီး ချုပ်ဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ စာချုပ်ကိုချုပ်ဆိုတဲ့ တိုင်းရင်းသားတွေ ကအားလုံးသိကြတဲ့အတိုင်း အနည်းအကျဉ်းပဲ ပါတယ်၊ မပါတဲ့သူတွေ က ပင်လုံစာချုပ်အ ပေါ်အခြေခံမယ်ဆိုရင်မိမိတို့ တိုင်းရင်းသား လူမျိုးစုတွေ ကိုလစ်လျူရှုထားတာလား လို့မေးစရာဖြစ်လာမယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံစာချုပ်အပေါ် သဘောထားအမြင်သည် လူအတော်များများကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါသည်။ တစ်ချို့ ကလည်း ဒေါ်အောင်ဆန်းစုကြည် ၏ရပ်တည်ချက် သဘောထားသည် လွတ်လပ်ရေး ရလုဆဲ အချိန် ၁၉၄၇ ခုနှစ် တွင် လုပ်ကြံခံခဲ့ရသည့် သူ ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့် သဘော အဓိပ္ပါယ်ကောက်ယူကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄ရ နှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် ကာလတွင် အဓိကဇာတ်ဆောင်ဖြစ်ခဲ့ ပြီး ယင်း ကာလ ကြားဖြတ်မြန်မာ အစိုးရ၏ ကိုယ်စားလှယ်လည်းဖြစ်ခဲ့ပါသည်။

သို့ ဖြစ်သည့် အလျောက် ဒေါ်စု ၏ အမြင်သဘောထားများသည် မည်သည့်အတိုင်းအတာ အထိ ယထာဘူတကျကျအဆက်အစပ် ရှိသည် ကို စမ်းစစ်ရန်လိုအပ်လာပါသည်။

ပထမ အချက်ဖြစ်သည့် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ကို အတူတကွရယူရန်အတွက်ပူးပေါင်းခဲ့ ကြ ခြင်းသည် အရေးကြီး သောအချက် တစ်ချက် ဖြစ် သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် အပြည့်အဝမှန်ကန် သည်ဟုမဆိုနိုင်ပေ။ ထိုစဉ်ကာလ ပင်လုံ ညီလာခံ တလျောက်လုံးတွင် တောင်တန်းဒေသ ခေါင်းဆောင်များ သည် တစုံတရာ အတိုင်းအတာ တခုအထိ ကြီးမားသော သံသယစိတ် များရှိခဲ့သည်ကို အထင်အရှားမြင်တွေ့ ရပါသည်။ တောင်တန်းဒေသများ အနေနှင့် မိမိတို့ အမှန်တကယ်လိုလားသော တန်းတူ၍ လွတ်လပ်သည့် စစ်မှန်သောပြည်ထောင်စု နိုင်ငံသစ် အစား ဗမာ က ဗြိတိသျှ နေရာကိုဝင်ယူကာ အုပ်စိုးသူ လက်သစ် အဖြစ် တောင်တန်းဒေသ များ အပေါ် တဖက်သတ် စိုးမိုးချုပ်ချယ် လာ မည်ကိုစိုးရိမ်မှု တို့ ရှိနေခဲ့ သည် ကို အထင်အရှားမြင်တွေ့ နိုင်ပါသည်။

ဤသို့ သံသယဝင်ကာ စိုးရိမ်ခဲ့ကြသည့်အတိုင်း အမှန်တကယ်ဖြစ်လာသည်ကို ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးကိုရလာသည့် အချိန်မှ စတင်ကာ ယနေ့ အထိ ဖြစ်ပျက်နေသော နိုင်ငံရေး ဖြစ်စဉ်များက သက်သေထူပြီးဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (၁၉၄၇) တွင် ခွဲထွက်ခွင့် ပုဒ်မပါရှိလာသည်မှာ ဗိုလ်ချုပ်အောင်ဆန်း သည် တိုင်းရင်းသား လူမျိုးများ ၏ စိုးရိမ်မှုများလျော့ပါးအောင် မည်သည့် အတိုင်းအတာ အထိ ဆောင်ရွက်ခဲ့ရသည် ကို ထင်ရှား စေပါသည်။

သို့ဖြစ်ပါသဖြင့် ၁၉၄ရ ခုနှစ် ပင်လုံတွင် ရရှိခဲ့သည့်ပူးပေါင်းမှု ဟူသည်မှာ ဒေါ်စုပုံဖေါ်သကဲ့သို့ သံသယစိတ်များ အကြွင်းမဲ့ ကင်းစင်သည့် ပူးပေါင်းမှု မျိုး မဟုတ်ခဲ့ပါ။ တိုင်းရင်းသားလူမျိုးများ အနေနှင့် ယုံကြည်မှု အပြည့်ဖြင့် စိတ်ဒုံးဒုံးချ ပူးပေါင်း သည့် သဘောထက် ထိုစဉ်ကာ လ ပကတိ နိုင်ငံရေး အခင်းအကျင်း ၏ပြဌာန်းချက် သဘော (realpolitic)၊ ကောင်းတန်ရာ၏ ဆိုသည့်သဘော (calcualated risk) ဖြင့်ပေါင်း စည်းခဲ့ခြင်းသာဖြစ်ပါသည်။ ထိုစဉ်ကာ လ တောင်တန်းဒေသမှ ခေါင်းဆောင်ကြီးများ သည် အဆုံးအဖြတ်မှားခဲ့ကြောင်း ယနေ့ အထိဖြတ် သန်းခဲ့ရသော အတိတ်သမိုင်းက သက်သေထူခဲ့ ပြီးဖြစ်ပေသည်။

ဒုတိယအပိုင်း သူပြောသည့် အခြားတိုင်းရင်းသားများပါဝင်ခြင်းမရှိခဲ့ ဟူသည်မှာ ပြည့်စုံလုံလောက်သော အဆိုမဟုတ်သည့် အပြင် လုံးလုံးလျားလျားမှန်ကန်သော အဆိုလည်း မဟုတ်ပေ။ ထိုစဉ် ကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကြားဖြတ်မြန်မာ အစိုးရ လက်အောက် တွင် တိုက်ရိုက် ရှိနေသော Burma Proper ခေါ် Ministerial Burma ခေါ် ဗမာပြည်မ ဟူသည့် နယ်နိမိတ်တွင် မှီတင်းနေထိုင်ကြသည် မှာ ဗမာ အပြင် မွန်၊ ကရင်၊ ရခိုင် နှင့် အခြားတိုင်းရင်းသားများ ဖြစ်ကြပါသည်။ ကရင်နီ ခေါ် ကယားဒေသမှာ သီးခြား လွတ်လပ်သောဒေသ ဟု ဗြိတိသျှ ကသတ်မှတ်ထားသောဒေသဖြစ်ပါသည်။

သို့ဖြစ်ပါသဖြင့် ဥပဒေကြောင်းလမ်းအရ ဆိုလျင် ဗမာပြည်မ အတွင်းတွင်နေထိုင်ကြသော တိုင်းရင်း သားအားလုံး ကို ဗိုလ်ချုပ်အောင်ဆန်း က ပင်လုံညီလာခံတွင် ကိုယ်စားပြုကာတက်ရောက်ခဲ့ သည့် အပြင် ယင်းပင်လုံစာချုပ် ကိုလည်း ၎င်း တိုင်းရင်းသား အားလုံး ကိုယ်စား လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ပါသည်။

ဂျူလိုင် လ ၂၈ မှ ၃ဝ အထိကျင်းပခဲ့သည့် မိုင်ဂျားယန် အ.စည်းအဝေးကို တက်ရောက်ခဲ့သည့် ကေအင်ယူ ဒုဥက္ကဋ္ဌ နော်ဆေဖေါ်ရော်စိန်အား ကရင် သတင်းစင်တာ မှမေးမြန်းချက် ကိုပြန်လည်ဖြေကြားရာတွင် မိမိ၏ ပါတီသည် အခြားတိုင်းရင်းသားများ နည်းတူ ပင်လုံ လက်စွဲ စာအုပ် တွင်ပါရှိသည့် လမ်းညွှန်ချက် တို့ ကိုသဘောတူ လက်ခံကြောင်း၊ ပင်လုံသည် ရှမ်း၊ချင်း၊ကချင် တို့ နှင့် တိုက်ရိုက် ပတ်သက်ခဲ့သော်လည်း အခြား တိုင်းရင်းသားတို့ အတွက် ပါ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီ ရေး၊ တန်းတူရေး အစရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေး ဆိုင်ရာ အချက်အလက် များ ပါရှိသည့် ပင်လုံ စိတ်ဓါတ်ကိုထင်ဟပ်စေကြောင်း အထူးပြုပြောဆိုသွားခဲ့ပါသည်။

ထပ်မံဖြည့်စွက်ပြောဆိုရာတွင် ပင်လုံ စာချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး နှင့် တထပ်တည်း ကျ သဖြင့် ကေအင်ယူ အနေနှင့် သဘောတူလက်ခံပါကြောင်းထွက်ဆိုခဲ့ပါသည်။

ဤရှုထောင့်မှကြည့်လျင် ၁၉၄ရ တွင် ချုပ်ဆိုခဲ့သည့် ဤစာချုပ် အား ပစ်ပယ်ကာ စာချုပ် အသစ် တစ်ခုနှင့် အစားထိုး သင့်သည် ဟူသော အဆို မှာ မဆိုအပ်သော ယထာဘူတ မကျသော အဆိုပင် ဖြစ်ပါသည်။

ဤစာချုပ်သည် လူမျိုး အုပ်စုများ ပြည်ထောင် များ အတွင်း အချင်းချင်း သဘောတူချုပ်ဆို ထားသောစာချုပ် ဖြစ်၍ ယင်းသို့သော စာချုပ်တစ်ရပ် အဖြစ်သာသဘောထားရမည်ဖြစ်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အောင်မြင်စွာဖေါ် ဆောင် ရာတွင် ဤစာချုပ်အား တစ်ရေ နှိမ့်ခြင်း သေးသိမ်စေခြင်းဖြင့် ကောင်းကျိုး တစ်စုံတရာ ဖြစ်ထွန်းလာစရာအကြောင်းမရှိပါ။

စာချုပ်ပါအချက်ပေါင်း (၉) ချက်တွင်ကချင်နှင့်ရှမ်းကိစ္စများသာပါရှိခဲ့သည်၊တိကျရှင်းလင်းမှုမရှိဟူသည့်အဆိုမှာလည်း ယထဘူတမကျပေ။ အထူးသဖြင့် ပင်လုံစာချုပ် တစ်ခုလုံးကို ပစ်ပယ်ရာ ကျ ပါသည်။

စာချုပ်ပါ အချို့အချက်အလက်တို့သည် ထိုကာလ လတ်တလော အရေးကိစ္စများနှင့် ပတ်သက်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အထူးသဖြင့် ကချင်ပြည်နယ် ထူထောင်ရေး၊ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေးကိစ္စများ ဖြစ်ပါသည်။ ယနေ့ ကြုံတွေ့နေရသော နိုင်ငံရေး အခက်အခဲများ ကိုဖြေ ရှင်းရန်အတွက် လုံလောက်ပြည့်စုံမှုမရှိဟုဆိုပါက မငြင်းသာပေ။ တရားနည်းလမ်းကျပါသည်။

သို့ပင်ငြားလည်း အရေးကြီး သည့် အပိုင်းများ မှာ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အခြေခံမူများဖြစ်ကြသော ပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဘဏ္ဍာရေးကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီရေး၊ တန်းတူရေး ဆိုင်ရာစာချုပ်ပါအချက်အလက်များ ဖြစ်ပါသည်။

အရေးကြီးသည်မှာ ပင်လုံစာချုပ်သည် လူမျိုးများအချင်းချင်းအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေ ထိုင်ရေးအတွက် အပြန်အလှန် သဘောတူချုပ်ဆိုထားသော ပဋိညာဉ် စာချုုပ်ဖြစ် သည်နှင့် အညီ ဆက်လက်၍ အလေးအမြတ်ထားကြရမည်ဖြစ်ပြီး သေးသိမ်အောင်။ ပျက်ပြယ်အောင်ပြုလုပ်ရမည့် အရာကိစ္စ တစ်ခု အလျင်း မဟုတ်ပေ။

မကြာသေးမီက အထင်ကရ ရှေ့နေတစ် ဦးလည်း ဖြစ် မြန်မာ့ နိုင်ငံရေး အား အစဉ်တစိုက် လေ့ လာစောင့် ကြည့်သူတစ်ဦလည်းဖြစ်သော ဦးအောင်ထူးက ဖွင့်ဆိုခဲ့သည်များကို  ကောက်နှုတ်ဖေါ်ပြရလျင်

„ လူ့အဖွဲ့အစည်းကို အုတ်မြစ်ချသည့် စာချုပ်သည် တခုတည်းသာ ရှိရပါမည်။ သာဓကအားဖြင့် ကမ္ဘာ့ငြိမ်းချမ်ရရေးကို တည်ဆောက်ရန် ဦးတည်ချုပ်ဆိုသော ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း ……
ဆွစ်ဇာလန် အား ပြည်နယ်သုံးခု တို့စုပေါင်းကာ ပြည်ထောင်စု နိုင်ငံအဖြစ် စတင် တည်ထောင်ခဲ့သည့် ဖက်ဒရယ်စာချုပ် (Federal Charter) ……
၁၉၆၃ ခုနှစ်တွင် မလေးယား၊ ဆားဘား၊ ဆားရဝပ် နှင့် စင်္ကာပူ တို့ပူးပေါင်းပြီး မလေးရှားသဘောတူညီချက်ကို ချုပ်ဆိုကာ မလေးရှားဖက်ဒရယ်နိုင်ငံတည် ဆောက်လာခဲ့သည့် [စာချုပ်] …….” စသည်တို့ ကိုသာဓကများအဖြစ် အခိုင်အမာ မီးမောင်းထိုးပြသွားခဲ့ပါသည်။

ထို့အပြင် ဦးအောင်ထူးက ဆက်လက်ဖေါ်ပြရာတွင် ယင်းစာချုပ်များကို …..

“….. စာချုပ်သစ် ချုပ်ဆိုခြင်းတို့မပြု သလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။ မူရင်းအမည်ကို ထပ်မံသုံးစွဲကာ စာချုပ်ချုပ်ဆိုခြင်းမပြု။ သမိုင်း၏ အမွေအနှစ်ဖြစ်သော ဖက်ဒရယ်စာချုပ် သည် တခုတည်းအနေဖြင့် အမည်ရော အနှစ်သာရပါ မူရင်းအတိုင်း ပင်ရှိနေဆဲဖြစ်သည်။ “

ဦးအောင်ထူး က ဆက်လက်ဖေါ်ပြရာတွင်“အခြားရည်ရွယ်ချက်များဖြင့် ၂၁ ရာစုပင်လုံညီလာခံဟူသော အမည်တပ်၍ ဖေါ်ဆောင်ပါက [၂ဝ ရာစု] ပင်လုံ စာချုပ် ကြီး၏ အနှစ်သာရကို ဆန့်ကျင်ရာရောက်မည်ဖြစ်သဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်ခံကြဘွယ်မရှိ။ ပင်လုံ အမည် ကို အလွဲသုံးစားပြု ရာလည်း ကျပါမည်”ဟူ၍ သူ၏ စာတမ်းရှည်တွင် ထောက်ပြသွားခဲ့ပါသည်။

သူ၏ အဆိုမှာ ပင်လုံစာချုပ်သည် ယနေ့အထိ တရားဝင်ဆဲဖြစ်သည်။ ဒုတိယ ပင်လုံညီလာခံ အားခေါ်ယူရန်မလို၊ ဒုတိယ ပင်လုံညီလာခံခေါ်ယူရန်အတွက် မူလပင်လုံ စာချုပ်ပျက်ပြယ် ကြောင်း၊ ပယ်ဖျက်ကြောင်းကြေညာရမည်ဖြစ်သည်။ သို့မဟုတ်ပါက  ဒုတိယပင်လုံညီလာခံ မှ ရရှိလာသော သဘောတူညီချက်တို့သည် မူလပင်လုံစာချုပ်နှင့် အပြိုင်တည်ရှိနေပြီး မည်သည့် စာချုပ်က တရားဝင်ဖြစ်သည် ကို ဥပဒေကြောင်းလမ်းအရ မေးခွန်းထုတ်စရာဖြစ်လာမည်ဖြစ်သည်။ဒုတိယပင်လုံညီလာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံ ကျင်းပရန်မလိုပေ။ သူ၏အမြင်အရ ပင်လုံ ဟူသော အမည်နာမကို မသုံးသင့်၊ သုံးမည်ဆိုပါကလည်း ပထမပင်လုံညီလာခံမှ ရလဒ်များကိုအကောင်အထည်ဖေါ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပရမည်၊ သို့မဟုတ်ပါက မေးခွန်းထုတ်စရာ တသီကြီးရှိ လာမည်ဖြစ်သည်။

ရှုထောင့် အမြင် အမျိုးမျိုးရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ၁၉၄၇ တွင် ရေးထိုးခဲ့သော ပင်လုံစာချုပ်ကိုအခြေခံ၍ ပြည်ထောင်စု မြန်မာ နိုင်ငံ (၁၉၄၇) အခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပြီး၊ တဆက်တည်းတွင် ပြည်ထောင်စု  မြန်မာ နိုင်ငံ ဟူ၍ နိုင်ငံသစ်တခုပေါ်ထွန်းခဲ့ခြင်းဖြစ်သဖြင့် ပင်လုံစာချုပ်သည် လူမျိုးများအချင်းချင်းအကြား ချုပ်ဆိုခဲ့သည့် မပြုမပြင်ကောင်းသော အထွတ်အမြတ်ထားရမည့် ပဋိညာဉ်စာချုပ် အဖြစ်သဘောထားရပေမည်။

ပင်လုံ ဟူသော အမည်နာမကိုအသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ အချိန်ကာလနှင့် အညီ လိုအပ်သော ဖြည့်စွက်ချက်များ ကို နဂိုမူလ ပင်လုံ ရည်မှန်းချက်ပန်းတိုင် ကိုမပျောက်မပျက်စေပဲ နိုင်ငံတွင်းမှီတင်းနေထိုင်ကြ သော ပြည်သူတရပ်လုံး၏ ဆန္ဒ အစစ်အမှန်ကိုထင်ဟပ်သည့် နိုင်ငံ တည်ဆောက်ရေး အဝန်းအဝိုင်းအား ချဲ့ထွင်သွားရန်အရေးကြီးပါသည်။

စာရေးသူ။ စိုင်းဝမ်းဆိုင်မူရင်း အင်္ဂလိပ်သာသာမှ ဘာသာပြန်သူ။ ဆလိုင်းကစ်(ပ်)ခိုလျန်

(ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အတွေးအမြင်များဖြစ်ပြီး မဇ္ဈိမ၏ အာဘော်မဟုတ်ပါ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly