ဘင်္ဂလားဒေ့ရှ်တွင် လက်ဖက်ရည်ဆိုင်၌ အိန္ဒိယတီဗီ ဇာတ်လမ်းကြည့်ရင်း အငြင်းအခုံဖြစ်ရာမှ လူရာနှင့်ချီကာ ရန်ပွဲဖြစ်

ဘင်္ဂလားဒေ့ရှ်တွင် လက်ဖက်ရည်ဆိုင်၌ အိန္ဒိယတီဗီ ဇာတ်လမ်းကြည့်ရင်း အငြင်းအခုံဖြစ်ရာမှ လူရာနှင့်ချီကာ ရန်ပွဲဖြစ်

ဒါကာ၊ သြဂုတ် ၂၀ ။        ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တီဗီဇာတ်လမ်းတွဲကြည့်ရင်း အငြင်းအခုံဖြစ်ရာမှ လူရာပေါင်းများစွာပါဝင်သည့် ရန်ပွဲဖြစ်ပြီး လူ ၁၅ ဦး ဒဏ်ရာရကြောင်း ရဲက ပြောသည်။

ဟာဘီဂန်ခရိုင်က ရွာတစ်ရွာတွင် လက်ဖက်ရည်ဆိုင်အတွင်း အိန္ဒိယက ရိုက်ကူးထုတ်လွှင့်သည့် ဒရာမာဇာတ်ကား ကီရန်မာလာဇာတ်ကားအား ကြည့်နေကြခြင်းဖြစ်သည်။

ဇာတ်လမ်းဇာတ်ကွက်နှင့် ပတ်သက်ပြီး လူနှစ်ဦး စတင်အငြင်းအခုံဖြစ်ရာမှ အုပ်လိုက်ဖြစ်လာပြီး နောက်ပိုင်းတွင် ရာနှင့်ချီကာ တုတ်များ ဓားများဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ရဲက မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်များဖြင့် လူအုပ်ကို ဖြိုခွင်းရသည်။

ကီရန်မာလာဇာတ်ကားသည် နတ်ဆိုးထံမှ လူသားများကို ကယ်တင်သည့် မင်းသမီးအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးသည့် ဇာတ်ကားဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူကြိုက်များသည်။

တီဗီကြည့်ရင်ဖြစ်ပွားသည့် ရန်ပွဲက ဒါကာမြို့မှ အရှေ့မြောက်ဖက် မိုင် ၁၀၉ ခန့်က ဒါဟိုရွာက လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

“တီဗီကြည့်ရင်းက လူနှစ်ဦး စပြီး ငြင်းကြခုံကြတယ်။ ဒါကနေ လူအုပ်လိုက် အငြင်းအခုံဖြစ်တယ်။ နောက်တော့ လူရာနဲ့ချီပြီး ဓားတွေဒုတ်တွေနဲ့ တိုက်တာခိုက်တာတွေ ဖြစ်တော့တာပဲ။”ဟု ရဲတာဝန်ရှိသူ  တစ်ဦးက ပြောသည်။

ရန်ပွဲက သြဂုတ် ၁၇ ရက်ညကဖြစ်ပြီး နောက်နေ့ သြဂုတ် ၁၈ နံနက်ပိုင်းအထိ ဖြစ်ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

ကီရန်မာလာဇာတ်ကားမှာ အိန္ဒိယကရိုက်သည့် ဇာတ်ကားဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပြီးခဲ့သည့်နှစ်များအတွင်း အောင်မြင်လူကြိုက်များလာခြင်းဖြစ်ပြီး အတော်များများက ယင်းဇာတ်ကားကို ကြည့်ရှုကြကြောင်း သတင်းထောက်များက ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း  ယင်းကားထဲက မင်းသမီးဝတ်သည့် အဝတ်အစား မိဘဖြစ်သူများက မဝယ်ပေးသဖြင့် ဆယ်ကျော်သက်မိန်းကလေးနှစ်ဦး ကိုယ်ကိုကိုသေကြောင်းကြံသတ်သေသည်ဟုလည်း ဌာနေသတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags