အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံ ဆွေးနွေး

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံ ဆွေးနွေး
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ၎င်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့များနဲ့ ဘေဂျင်းမှာ သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ သြဂုတ်လ (၁၉) ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲက ဘေဂျင်းမြို့ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ Villa 18 မှာ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာ-တရုတ် ''ဆွေမျိုးပေါက်ဖော်'' ချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အတူတကွဖော်ထုတ်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅) ရပ်ကို အခြေခံကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရေးအတွက် အတူတကွ ကြိုးပမ်းသွားကြရန်၊ အိမ်နီးချင်းကောင်းပီသတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာဖြစ်ပြီး မဟာဗျူဟာကျတဲ့ မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား အစဉ်အလာရှိတဲ့ အဆင့်မြင့်ခေါင်းဆောင်များအကြား ရင်းနှီးစွာ ဆက်ဆံမှုကို ဆက်လက် ထိန်းသိမ်းရန်နှင့် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

သမ္မတရှီကျင့်ဖျင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ အစိုးရသစ် တာဝန်ယူပြီးနောက် ပထမဆုံးလာရောက်တဲ့ မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်ရဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ပြည်သူများ နေထိုင်မှုဘဝ မြှင့်တင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နှင့် ကိုက်ညီမည့် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တရုတ်နိုင်ငံရဲ့ ''တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း'' ကနဦးဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။

သမ္မတ ရှီကျင့်ဖျင်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားခဲ့သည်။

ဒီတွေ့ဆုံမှုမတိုင်ခင် နေ့လယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကဟာ ဘေဂျင်းမြို့ အခြေစိုက် နိုင်ငံတကာသတင်းဌာနများမှ သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။

(Source: MOI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags