ရခိုင်က ကျောင်းသားစက်လှေတွေ နစ်မြုပ်မှု ဘယ်သူတွေမှာ တာဝန်ရှိလဲ

ရခိုင်က ကျောင်းသားစက်လှေတွေ နစ်မြုပ်မှု ဘယ်သူတွေမှာ တာဝန်ရှိလဲ
ဓာတ်ပုံ (CJ)

“ ဆုံးတဲ့ သူလည်းဆုံးခဲ့ပြီ။ ကျွန်တော် သမီးလေးလည်း ပြန်ပြီး မရှင်လာတော့ပါဘူး။ နောက်ကလေးတွေကိုသာ ဒီလို မဖြစ်အောင် ဆောင်ရွက်ပေးကြပါ’’

ဒီလိုပြောဆိုမှုဟာ ပိုးရွီပြင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးငယ် ခုနှစ်ဦး စက်လှေနစ်မြုပ် သေဆုံးခဲ့စဉ်က မိဘ တစ်ဦးဖြစ်တဲ့ အသက် ၄၀ အရွယ် ဦးထွန်းလှိုင်က မေလ ၂ ရက်နေ့က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူရဲ့ ဆန္ဒဟာ ပြည့်စုံခြင်းကို မရှိခဲ့ပါဘူး။ ပိုးရွီပြင် ဖြစ်စဉ်အပြီး သုံးလအကြာမှာ သြဂုတ် ၁၉ ရက် ဒီကနေ့မှာပဲ  ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုကမ်းဒေသ ရန်အောင်ပြင် အထကကို မောင်းနှင်ခဲ့တဲ့ ကျောင်းသားစက်လှေဟာ ခတောက်ချောင်းကို ဖြတ်ကူးစဉ် နစ်မြုပ်ခဲ့ပြီး လေးဦး သေဆုံး၊ လေးဦး ပျောက်ဆုံးခဲ့ရပြန်ပြီ ဖြစ်ပါတယ်။ ဒါဟာ ထိခိုက်မှု   တစ်ခုအပြီးမှာ နောက်ထပ်ဖြစ်ပွားတဲ့ ဖြစဉ်တစ်ခုပဲဖြစ်ပါတယ်။

ပိုးရွီပြင်မှာ သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာလည်း ရန်အောင်ပြင် ဖြစ်စဉ်နည်းတူပါပဲ။ ကျောင်းသားကလေးတွေ ကျောင်းကအပြန် ချောင်းကို ကူးဖြတ်စဉ် သေဆုံးသွားခဲ့တာပါ။ ရခိုင်ဒေသဟာ ကမ်းရိုးတန်းကို အခြေခံထားတဲ့ ပထဝီ နယ်မြေ တစ်ခုဖြစ်ပြီး ချောင်းတွေ၊ မြစ်တွေ ပေါများသလို ကျေးလက်မှာ ရှိတဲ့ ကလေးငယ် အများစုဟာ ဒီလိုပဲ စက်လှေတွေစီးပြီး၊ ချောင်းကူး မြစ်ကူးကာ ပညာသင်ကြားနေရတာပါ။

လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာကတော့ ပိုးရွီပြင် ကိစ္စအပြီးမှာ  ဒီလိုကိစ္စမျိုးတွေ နောက်ထပ်မဖြစ်ပေါ်ရအောင် သူအနေနဲ့ ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ကလေးငယ်တွေ ချောင်းကူး၊မြစ်ကူး ကျောင်းသွားတက်ရတဲ့အခါ လှေတွေမှာ လူဦးရေအလိုက် သတ်မှတ်တဲ့ အသက်ကယ် အကျီ ၤတွေကို ပါရှိသွားအောင် ဆောင်ရွက်သွားမယ်ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းလည်း ပြီးဆုံးသွားခဲ့ပါပြီ။ လူမှုရေးဝန်ကြီးဌာန အနေနဲ့တော့ ဒီကိစ္စရပ်တွေ အပေါ် ကိုယ်တွယ် ဖြေရှင်းခဲ့သလားဆိုတာကိုတော့ ထင်းရှားစွာ မတွေ့မြင်ခဲ့ရပါဘူး။

ပိုးရွီပြင် ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ မေ ၁ ရက် ဖြစ်စဉ်အပြီး ဇွန်လ ၁၉ ရက်နေ့က ရေကြောင်းအသိပညာပေး လှုပ်ရှားပွဲတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ ထပ်မံပြီး သေဆုံးခဲ့ရပါပြီ။ လက်ရှိ ဆက်သွယ်မှုတွေအရ ဒီရေတက်နေချိန်ဖြစ်ပြီး ပျောက်ဆုံးတဲ့ကျောင်းသူ/သားများကို လိုက်လံရှာဖွေနေပေမယ့် မတွေ့ရှိနိုင်သေးဘဲ ဒီရေကျချိန်မှသာ ထပ်မံ ဆယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းမှာ လာရောက် ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေဟာ အနီးပါတ်ဝန်းကျင်ရှိ ကျေးရွောပေါင်း ၂၀ ခန့်က ဖြစ်ပါတယ်။

 “ဒီဒေသမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေဟာ ဒီကျောင်းမှာပဲ တက်ကြတာပါ။ ကျေးရွာပေါင်း ၂၀ လောက်က  ကျောင်းသားတွေ တက်နေတာဖြစ်ပါတယ်။” ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးစိုးဖေက ပြောပါတယ်။

ရန်အောင်ပြင် အထကကျောင်းကို ဗောဓိကုန်း၊ ကျောက်စာတိုင်၊ ဈီးကုန်တန်း၊ ခတောက်ချောင်း၊ နှင်းဆီကုန်း၊ မင်းဘူး၊ အောင်ဆိပ် အဲဒီရွာတွေကနေလာပြီးတော့တက်ကြပါတယ်။ ရွာနှစ်ဆယ်နီးပါးလောက်ဟာ မြစ်ချောင်းတွေကို ဖြတ်ပြီး တက်ရပါတယ်။

လှေနစ်မြုပ်မှု ဖြစ်စဉ်မှာ လူပိုတင်ဆောင်မှုကြောင့် ဖြစ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

“ကလေးတွေက ကျောင်းတက်ဖို့ မနက်စာ စောစာစားပြီးတော့ သွားရပါတယ်။ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရန်အောင်ပြင် အထကခွဲမှာ သွားပြီးတက်ကြရတာပါ။ အခု သူတို့ကို ပို့ပေးတဲ့လှေက လူဆယ်ယောက်ပဲဆံ့တယ်။ တင်သွားတာက ၁၇ ဦး တင်သွားတယ်လို့ သိရပါတယ်။ ချောင်းကလည်း ဒီရေပြည့်ချိန်မှာ နစ်မြုပ်သွားတာပါ။”

စက်လှေမှာ မနက် ၈ နာရီခွဲလောက်မှာ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းသား ၁၃ ဦးကို ပြန်ဆယ်ယူနိုင်ခဲ့ပြီး ၄ ဦးမှာ ပျောက်ဆုံးနေသလို၊ ၄ ဦးရဲ့ အလောင်းကို ရရှိထားပြီး ဖြစ်ပါတယ်။

ပိုးရွီပြင် မှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တွေ သေဆုံးမှုကလည်း သက်ဆိုင်ရာ ဝန်ကြီးတွေက မိဘတွေနဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့ တာတွေရှိပါတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေ နောက်ထပ်မဖြစ်ပွားရအောင် ဆိုပြီးတော့..။

ရခိုင်ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကတော့ မေလ ၃၀ ရက်နေ့က မီဒီယာ သမားတွေနဲ့ တွေ့ဆုံရာမှာ  ရေကြောင်းဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး လုံခြုံရေးရှိစေဖို့ ပြည်သူတွေကို အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်သွားမှာလို့ အသိပေးခဲ့ပါတယ်။

“သင်္ဘောတွေပေါ်မှာ သင်္ဘောမထွက်ခင် အသက်ကယ် အကျီ ၤကို ဘယ်လို ဝတ်ဆင်ရမယ်ဆိုပြီး သရုပ်ပြလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာပါ” လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောခဲ့ပါတယ်။

ဒါပေမယ့် ကလေးငယ်တွေဟာ ထပ်မံပြီး သေဆုံးခဲ့ကြပါပြီ။

နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNICEF တော့ ၂၀၁၆-၂၀၁၇ ဘဏ္ဏာနှစ်မှာ ရခိုင်ပြည်နယ်က ကလေးငယ်တွေကို ကာကွယ်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၁၉ သန်းသုံးစွဲသွားမှာ ဖြစ်တယ်လို့ သူတို့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က ကလေးငယ်တွေကို အခွင့်ရေး ကာကွယ်မှာဖြစ်ကြောင်း သူတို့ထုတ်ပြန်ထားတဲ့ လုပ်ငန်းအစီစဉ် စာအုပ်မှာတော့ ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးနဲ့ ပါတ်သက်ပြီး လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်တွေ အပေါ် အသေးစိတ်ဖော်ပြထားတာကို မတွေ့မြင်ရပါ။

ပိုးရွီပြင်ကျောင်းက ကျောင်းသားလေးတွေ သေဆုံးမှုအဖြစ် ရခိုင်ပြည်အစိုးရအဖွဲ့က အလှူငွေတွေ မိဘတွေဆီကို ထောက်ပံခဲ့ကြပါတယ်။ ခုလည်းပဲ နီးစပ်ရာ သတင်းတွေအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်ပါ ရသေ့တောင်မြို့နယ်ကို လိုက်ပါသွားကြပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ တရားဥပေဒေစိုးမှုကို လုံခြုံမှု မပေးနိုင်တဲ့ အခြေနေကြောင့်လည်း စစ်တွေမြို့ သဲချောင်းအနီးမှာ ၂၀၁၆ ခု ဧပြီလ အထဲက နစ်မြုပ်ခဲ့တဲ့  လူပေါင်း ၆၀ ပျောက်ဆုံးခဲ့ရတဲ့ စက်လှေတိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီအခြေနေ ဖြစ်ပွားခဲ့မှုဟာ ပုံမန်ဆိုက်ကပ်နေကျ ဆိပ်ခံတံတားတွေမှာ ကပ်ခွင့်မရတဲ့ အခြေတွေကြောင့်ပဲ ဖြစ်ပါတယ်။

ရခိုင်ဒေသမှာ ကျောင်းနေအရွယ်ကလေးငယ်တွေ အနေနဲ့ မိုးတွင်းရာသီတွေမှာ ဒီလိုနစ်မြုပ်တာဟာ ပြီးခဲ့တဲ့ နှစ် ၂၀၁၅ တုန်းကလည်း ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာမှာ ဖြစ်ပေါ်ခဲ့သလို ဘူးသီးတောင်မြို့နယ်၊ ပေါက်တောမြို့နယ်တွေမှာလည်း အလားတူဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့ နစ်မြုပ်ခဲ့တဲ့ ရသေ့တောင် မေယုကမ်းဒေသ ရန်အောင်ပြင်အထက ကျောင်းသားများ တင်ဆောင်လာတဲ့ စက်လှေဟာ ကျောင်းသား ၄ ဦးကို သေဆုံးစေခဲ့သလို၊ နောက်ထပ် ၄ ဦးမှာလည်း စိုးရိမ်ဖွယ် ပျောက်ဆုံးနေပါတယ်။

ဒီကလေးငယ်တွေ သေဆုံးမှုဟာ ဘယ်သူအပေါ် တာဝန်ရှိပါသလဲ။ ပြည်နယ်အစိုးရအဖွဲ့က ဘယ်လို အရေးယူ ဆောင်ရွက်မှာလဲဆိုတာ .. . .. ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly