မူးယစ်နှိမ်နင်းမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုလနှင့် ဖိလစ်ပိုင်သမ္မတတို့အကြား စကားစစ်ထိုးပွဲ အရှိန်မြင့်လာ

မူးယစ်နှိမ်နင်းမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုလနှင့် ဖိလစ်ပိုင်သမ္မတတို့အကြား စကားစစ်ထိုးပွဲ အရှိန်မြင့်လာ

သြဂုတ် ၁၉ ။           ။ လူပေါင်း ၁,၅၀၀ ကျော် သေဆုံးထားခဲ့ပြီဖြစ်သော ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် ကုလသမဂ္ဂတို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ အရှိန်မြင့်လာနေလျက်ရှိသည်။

ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ရောင်းဝယ်သူများအား ရှင်းလင်းသုတ်သင်ရေး စီမံချက်အပေါ် ကုလသမဂ္ဂက ယခင်ရက်များအတွင်းက ပြင်းပြင်းထန်ထန် ပြစ်တင်ပြောကြားထားသကဲ့သို့ သမ္မတ ဒူတာတေးကလည်း ၎င်း၏အစိုးရအပေါ် ဝေဖန်ခြင်းမှာ ရူးနှမ်းမှုတစ်ခုသာဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံအရေးတွင် ဝင်မပါရန် ကုလကို ပြန်လည်သတိပေးထားခဲ့သည်။

သို့သော် ယင်းနိုင်ငံတွင် လူပေါင်းရာနှင့်ချီ၍ သတ်ဖြတ်ခံနေရမှုနှင့်ပတ်သက်၍ တစ်ချိန်ချိန်တွင် နိုင်ငံခေါင်းဆောင်များ တာဝန်ခံရနိုင်သည်ဟု ကုလ သံတမန်တစ်ဦးက သြဂုတ်လ ၁၈ ရက်က ထပ်မံ သတိပေးပြောကြားသွားသည်။

" မူးယစ်ကုန်သွယ်မှုကို တိုက်ဖျက်တာလို့ ပြောပြီး လူတွေသတ်ဖြတ်နေတာတွေက ပြစ်ဒဏ်ချိုးဖောက်သလိုပါပဲ၊ တစ်ချိန်ချိန်မှာ  သူတို့အစိုးရကို ကာကွယ်ခွင့်လွှတ်ပေးလို့ ရမှာမဟုတ်ပါဘူး" ဟု ကုလအထူးသံတမန် အန်ဂီစ် ကယ်လာမာဗ်က ပြောသွားသည်။

အလားတူ သမ္မတ ဒူတာတေး၏ အဆိုပါ လုပ်ဆောင်ချက်များမှာ တရားဝင်ခြင်းမရှိကြောင်းနှင့် အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ပြီးခဲ့သည့် ဇွန်လအတွင်းက ပြစ်တင်ပြောကြားထားခဲ့သည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေး၏ လက်ထက် နိုင်ငံတွင် မူးယစ်မှုနှင့်ဆက်နွယ်နေသော တရားခံများကို သုတ်သင်လာခဲ့ရာ သေဆုံးသူ ၁,၅၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင် ရဲချုပ် ရော်နယ် ဒီလာ ရိုဆာ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly