နောက်တန်းကစားသမားတစ်ဦးခေါ်ယူမည်ဟု အာဆင်နယ်ပရိသတ်များကို အာစင်ဝင်းဂါး ကတိပေး

နောက်တန်းကစားသမားတစ်ဦးခေါ်ယူမည်ဟု အာဆင်နယ်ပရိသတ်များကို အာစင်ဝင်းဂါး ကတိပေး

သြဂုတ် ၁၉၊ လန်ဒန်။              ။ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက နောက်တန်းကစားသမားခေါ်ယူမည်ဟု ဒေါသထွက်နေသောပရိသတ်များကို ကတိပေး လိုက်သည်။

ယူရို ၂၀၁၆ ပြိုင်ပွဲကစားခဲ့သဖြင့်အနားယူချိန်ပိုရထားသော ကိုစီရယ်နီသည် လက်စတာနှင့်ပွဲတွင်ပြန်ပါလာမည်ဖြစ်သော်လည်း မာတီဆက်ကာနှင့် ဂါဘရီယယ်တို့ဒဏ်ရာရနေသဖြင့် အာစင်ဝင်းဂါးမှာ အခက်တွေ့လျှက်ရှိသည်။

အသင်းအနေဖြင့် နွေရာသီအပြောင်းအရွှေ့အတွင်း နာမည်ကြီးနောက်ခံလူနှင့် တိုက်စစ်မှူးခေါ်ယူနိုင်ခြင်းမရှိသော်လည်း အာစင် ဝင်းဂါးက ၎င်းသည်ပြီးခဲ့သည့်နှစ် ၂၀ အတွင်း ကစားသမားခေါ်ယူမှု အကြိမ် ၄၀၀ ခန့်ပြုလုပ်ခဲ့သည်ဟု ကာကွယ်ပြောဆိုခဲ့သည်။

ဗလင်စီယာနောက်ခံလူ မူစတာဖီသည် အာစင်ဝင်းဂါး၏ နံပါတ်တစ်ပစ်မှတ်ဖြစ်နေချိန်တွင် နောက်တန်းကစားသမားတစ်ဦး ခေါ်ယူအားဖြည့်မည်လားဆိုသည့်မေးခွန်းအပေါ် ဝင်းဂါးက “ခေါ်ပါတယ်။ ကျွန်တော်တို့ အသက်အရွယ်မကန့်သတ်ထားပါဘူး။ ကစားသမားက အသက် ၃၂ နှစ်ရှိတယ်ဆိုရင်တောင် အရည်အချင်းရှိရင် ခေါ်မှာပါ။

ကစားသမားခေါ်လိုက်ရင် ပရိသတ်တွေရဲ့စိတ်ကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားခေါ်ဖို့အရေးကြီးတာမှန်ပေမယ့် လည်း မှန်ကန်တဲ့ခေါ်ယူမှုဖြစ်ဖို့တော့လိုပါတယ်။

ကျွန်တော့်အပေါ်ဝေဖန်မှုတွေကို နားစွင့်ထားပါတယ်။ ဒါပေမဲ့ အဲဒါတွေကစိတ်လှုပ်ရှားမှုသက်သက်သာဖြစ်ပြီး ပြည့်စုံကောင်းမွန် ခြင်းမရှိရင်တော့ ကျွန်တော်သုံးသပ်ရပါလိမ့်မယ်။

အမှား၊ အမှန်ကိုခွဲခြားသိမြင်ဖို့လိုပါတယ်။ ဒါက ကျွန်တော့်အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါပေမဲ့အဆုံးသတ်မှာတော့ အသင်းအတွက်သင့်တော်တဲ့ဆုံးဖြတ်ချက်ကိုချမှာပါ”ဟု ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly