မူလမြေနေရာများတွင် နေထိုင်ခွင့်ရရှိရေး မြောက်ဦးတွင် ဆန္ဒထုတ်ဖော်

မူလမြေနေရာများတွင် နေထိုင်ခွင့်ရရှိရေး မြောက်ဦးတွင် ဆန္ဒထုတ်ဖော်

စစ်တွေ၊ သြဂုတ် ၁၈ ရက် ။               ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ နေအိမ်များအား ကျူးကျော်အိမ်များဟုဆိုကာ ဖယ်ရှားခိုင်းပြီး တရားစွဲဆို ခံထားရသည့်အတွက် လက်ရှိနေရာတွင် ပြန်လည်နေထိုင်ခွင့်ရရှိရေး သြဂုတ် ၁၈ရက် နေ့လည်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါမြေများမှာ ထမ္မရာဇ်ကျေးရွာပိုင်မြေများဖြစ်ပြီး လက်ရှိတွင် ကျေးရွာသားများ အိမ်ဆောက်နေသည့် နေရာဖြစ်ကာ ယင်းနေရာများမှာ ပညာရေးဝန်ထမ်းများအား ၁၉၈၈ ခုနှစ်က ဝန်ထမ်းအိမ်ရာများအဖြစ်ချပေးထားခြင်းကြောင့် ကျေးရွာသားများအား ဖယ်ရှားခိုင်းရခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ရွာသားတွေနေထိုင်ကြတဲ့မြေနေရာတွေကို ဆရာဆရာမ တစ်ချို့က သူတို့ပိုင်တဲ့မြေတွေဖြစ်တယ်။ ဒီနေရာတွေက ထွက်သွားပေးဖို့အတွက် ရွာသားတွေကို တရားစွဲဆိုထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မခံမရပ်နိုင်တဲ့အတွက်ကြောင့် ဆန္ဒ ထုတ်ဖော်ရတာဖြစ်ပါတယ်။ အဲဒီမြေတွဟာ ထမ္မရာဇ်ရွာသားတွေ ပိုင်တဲ့မြေတွေဖြစ်ပါတယ်။ မြေဧရိယာက ၄ ဧကလောက်ရှိပါတယ်။ ဒီနေရာမှာ နေထိုင်လာခဲ့ကြတာဟာလည်း နှစ်ပေါင်း၂၀-၃၀ ရှိနေပါပြီ။ အရင်ကတည်းကပင် ရွာပိုင်မြေအဖြစ်သတ်မှတ်ထားတာပါ။ အခုမှ သူတို့ပိုင်တယ်လို့ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ထွက်ပေးဖို့မဖြစ်နိုင်ဘူး။” ဟု ထမ္မရာဇ်ရွာသား ဦးလှမောင်စိန်ကပြောသည်။

ယင်းမြေများမှာ ကျေးရွာပိုင်မြေများဖြစ်သော်လည်း ၁၉၈၈ ခုနှစ်က မြို့သစ်စီမံကိန်းချမှတ်ခဲ့သည့်အချိန်တွင် ပညာရေး ဝန်ထမ်းများအား အိမ်ရာ တစ်ကွက်လျှင် ကျပ်ငွေ သုံးထောင်နှုန်းဖြင့် ချပေးထားခဲ့ခြင်းဖြစ်ကြောင်း ယင်းဝန်ထမ်းများအား အိမ်ရာပိုင်ဆိုင်သူများအဖြစ် ၂၀၀၀ ခုနှစ်တွင် တရားဝင်စာရွက်စာတမ်းများ ထုတ်ပေးခဲ့သည့်အတွက် မိမိတို့ ပိုင်ဆိုင်ထားသည့်မြေများအား ရယူလိုအသည့်အတွက် ယခုကဲ့သို့ ရွာသားများအားဖယ်ရှားခိုင်းရခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်းများကဆိုသည်။

“၁၉၈၈ ခုနှစ်မြို့သစ်စီမံကိန်းထဲမှာ ပညာရေးဝန်းထမ်းတွေအတွက် ချပေးခဲ့တာလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့မသိခဲ့ဘူး။ အခုမြေဈေးတွေမြင့်တက်လာတော့ ရွာသားတွေနေတဲ့မြေကွက်တွေကို သူတို့ပိုင်တယ်ဆိုပြီးတော့ နှင်ထုတ်တာ တရားစွဲတာတွေ လုပ်လာတယ်။ ဆရာ/ဆရာမ ၁၇ ယောက်ကနေပြီးတော့ ရွာသား ၁၁ ယောက်ကို တရားစွဲထားတယ်။ အိမ်ရာတစ်ကွက်ကို ၂-၃ ယောက်ပေါင်းပြီးစွဲထားတာတွေလည်း ရှိပါတယ်။ တရားစွဲတာက ၂၀၁၃ ကတစ်ကြိမ် ၂၀၁၆ မှာ တစ်ကြိမ်စွဲတာပါ။ ကျေးရွာပိုင်မြေနဲ့ မြို့ပြ စီမံကိန်းမြေဆိုတာ ခွဲလို့ရှိပါတယ်။ အခု သူတို့ပိုင်တယ်လို့ပြောတဲ့မြေတွေက ကျေးရွာပိုင်မြေဧရိယာထဲကမြေတွေဖြစ်နေပါတယ်။” ဟု ဦးလှမောင်စိန်ကပြောသည်။

ယနေ့ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ရွာသားများက ၁၉၈၈ ခုနှစ်မြို့ပြ စီမံကိန်းမြေပုံအား သက်ဆိုင်ရာမှ အများပြည်သူ သိရှိအောင်ချပြပေးရေး၊ ဆရာဆရာမများမှ စွဲဆိုထားသည့်အမှုများအား ချက်ချင်းရုတ်သိမ်းပေးရေး၊ မိမိပိုင်မြေကွက်၌ မူလအတိုင်းနေထိုင်ခွင့်ပေးရေး၊ အိမ်ရာမြေကိစ္စအား မြေစာရင်းမှ အမှန်အတိုင်းဆောင်ရွက်ပေးရေး စသည့် အချက်လေးချက်ကိုတောင်းဆိုလိုက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly