ရန်ကုန်ယူနိုက်တက်ကို အနိုင်ယူပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံဆု မကွေး ဆွတ်ခူး

ရန်ကုန်ယူနိုက်တက်ကို အနိုင်ယူပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံဆု မကွေး ဆွတ်ခူး
(ဓာတ်ပုံ - MFF)

သြဂုတ်လ (၁၇) ရက် ညနေပိုင်းက ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း (General Aung San Shield 2016) ရှုံးထွက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မကွေးအသင်းက ရန်ကုန်ယူနိုက်တက်ကို (၁-၂) ဂိုးနဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

MFF Cup ရှုံးထွက်ပြိုင်ပွဲကို အသွင်ပြောင်း ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲမှာ ဒုတိယမြောက် ဗိုလ်စွဲသည့်အသင်း ဖြစ်လာခဲ့သလို ရှုံးထွက်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံအသင်းသစ် ပေါ်ထွက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်က ကြည်လင်း ဒဏ်ရာကြောင့် မပါဝင်နိုင်တာက လွဲလို့ ကျန်ကစားသမား အစုံအလင် ပါဝင်လာခဲ့ပြီး မကွေးကို ရင်ဆိုင်ခဲ့ပါတယ်။ မကွေးအသင်းမှာလည်း အဓိက ကစားသမား အစုံအလင် ပါဝင်လာခဲ့ပြီး ရန်ကုန်ကို ပြန်လှန်ရင်ဆိုင်ခဲ့ပါတယ်။

ရန်ကုန်အသင်းက ပွဲချိန် (၄၀) မိနစ် အရောက်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မကွေးအသင်းရဲ့ ချေပဂိုးနှင့် အနိုင်ဂိုးများကို ပြန်လည် ခွင့်ပြုခဲ့ရတာကြောင့် ယခုလို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ရန်ကုန်အတွက် ဇော်မင်းထွန်းက ပွဲချိန် (၄၀) မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မိုက်ကယ်နှင့် ဆိုင်လာတို့က ပွဲချိန် (၆၉) မိနစ်နှင့် (၇၅) မိနစ်များမှာ ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူပေးကာ မကွေးအသင်းကို ချန်ပီယံဆု ရယူပေးခဲ့ခြင်းဖြစ်ပါတယ်။

ရှုံးထွက်ဖလားပြိုင်ပွဲကို ၂၀၁၀ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ်အထိ MFF Cup အဖြစ် ကျင်းပခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အဖြစ် ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ယင်းပြိုင်ပွဲတွင် ပထမဆုံး ချန်ပီယံအသင်းမှာ ဥဿာယူနိုက်တက် (ယခု ဟံသာဝတီယူနိုက်တက်) အသင်းဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ ကမ္ဘောဇ စတဲ့ အသင်းလေးသင်းသာ ချန်ပီယံ ဖြစ်ခဲ့ဖူးရာ မကွေးအသင်းမှာ ရှုံးထွက်ချန်ပီယံဖြစ်ဖူးတဲ့ ငါးသင်းမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မကွေးအသင်းအနေနဲ့ လာမယ့် ရာသီမှာ AFC Cup ပြိုင်ပွဲ ဝင်ခွင့်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly