ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျခံနေသော မြန်မာ ၂ ဦး၏ အယူခံအား စစ်ဆေးသုံးသပ်နေ

ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျခံနေသော မြန်မာ ၂ ဦး၏ အယူခံအား စစ်ဆေးသုံးသပ်နေ
ဓာတ်ပုံ -EPA

ချင်းမိုင်(မဇ္ဈိမ)။                 ။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းတွင် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျခံနေရ သည့် မြန်မာ နိုင်ငံသားနှစ်ဦး၏ အယူခံကို ထိုင်းအယူခံတရားရုံးက စစ်ဆေးနေပြီး တင်ပြချက်များမှ တချို့အချက်အ လက်များကို လာမည့် ၂၅ ရက်တွင် တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးအထူး စုံစမ်းရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုး သန့်က ပြောသည်။

၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က မြန်မာနိုင်ငံသား ၂ ဦး၏ ရှေ့နေဘက်မှ အယူခံတင်ပြပြီးနောက် ထိုင်းတရားရုံးမှ အယူခံ တရားသူကြီး ၃ ယောက် သို့မဟတ် ၅ ယောက်တို့ဖြင့် အယူခံ တရားရုံး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ တရားခံ ရှေ့နေဘက်မှ တင်ပြထားသည့် စာမျက်နှာ ၂၀၀ ခန့်ရှိ အယူခံကို သုံးသပ် စစ်ဆေးနေခြင်း ဖြစ်သည်။

“စစ်ဆေးသုံးသပ်နေတဲ့အဆင့်မှာ ဖြစ်နေပါပြီခင်ဗျား၊ ပထမဆုံး အယူခံကို လက်ခံပြီးတဲ့ နောက်ပိုင်းမှာ အယူခံတရားရုံး ဆိုတာ ဖွဲ့ရတယ်။ အဲဒီလို ဖွဲ့ပြီးခါမှ အောက်ရုံးက မူလအမှုကို အရင်ခေါ်ကြည့်ပါတယ်။ ပြီးလို့ရှိရင် ဒီဘက်က တင်တဲ့ စာ မျက်နှာ ၂၀၀ လောက်ရှိတဲ့ အယူခံကို ပြန်ပြီး သုံးသပ်ပါတယ်။ အဲဒီလို နှစ်ဖက်ကို သုံးသပ်ပြီးတော့မှ အယူခံ အကြောင်း ချက်တွေအပေါ်မှာ သိပ်ပြီးတော့ ထူးခြားတဲ့အချက်တွေ မရှိဘူးဆိုရင် အောက်ရုံး အစိုးရ ရှေ့နေထံ ကိုသော်လည်း ကောင်း၊ မြန်မာကလေးတွေဘက်ကိုသော်လည်းကောင်း အမိန့်ကို ချပေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ။ အ ယူခံ အကြောင်းပြချက်တွေမှာ ရှင်းပြချက်တွေ ရှိနေသေးတယ်ဆိုရင်တော့ အစိုးရ ရှေ့နေဘက်ကိုသော်လည်းကောင်း၊ ကိုဝင်းဇော်နဲ့ ကိုဝင်းဇော်ဦးတို့ဘက်ကိုသော်လည်းကောင်း အချက်အလက် ပြန်တောင်းနိုင်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသား ၂ ဦး အမှုအတွက် တရားခံ အကျိုးဆောင်ရှေ့နေဘက်မှ အယူခံ တရားရုံးသို့ တင်ပြခဲ့ပြီးနောက် အ ယူခံ တရားရုံးမှ တရားလို အစိုးရ ရှေ့နေများထံသို့ အချက်အလက်များ တင်ပြပေးရန် တောင်းဆိုလာမှုအပေါ် အစိုးရရှေ့နေဘက်မှ အဆင်သင့်မဖြစ်သေးသဖြင့် လာမည့် သြဂုတ်လ ၂၅ ရက်တွင် ရက်တိုးတောင်းဆိုထားသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အခုအချိန်က ဒီလို သုံးသပ်ပြီးတော့ အချက်အလက်တောင်းဆို ရမဲ့ဟာနဲ့ပတ်သက်လို့ အစိုးရရှေ့နေဘက်ကို အယူခံ တရားရုံးက တောင်းဆိုတဲ့သဘောရှိပါတယ်။ အဲဒီလို တောင်းဆိုမှုကြောင့် အစိုးရ ရှေ့နေက ဒီအချက်တွေကို ပြန်လည် ရှင်းလင်းပေးဖို့အတွက် အချိန်ယူရအောင် အဆင်သင့်မဖြစ်သေးလို့ ၂၅ ရက်နေ့ထိ ရက်ချိန်း ပြန်တောင်းတယ် ဆိုတာ သိရပါတယ်။ ဒီအမှုကို သုံးသပ်ပြီးတော့ အစိုးရ ရှေ့နေကို မေးတယ်ဆိုတော့ မရှင်းလင်းတာ၊ သုံးသပ်စရာတွေ ရှိလို့ ဒါကို ဖြေရှင်းဖို့အတွက် သူတို့က ချက်ချင်း မဖြေရှင်းနိုင်လို့ ရက်ချိန်းတောင်းတဲ့သဘော”ဟု သူက ပြောသည်။

အယူခံတွင် တရားခံ ရှေ့နေများဘက်မှ မျိုးရိုးဗီဇ(DNA) စစ်ဆေးမှု ဥပဒအရ ကိုက်ညီမှု မရှိကြောင်း ထောက်ပြထားပြီး အမှုအပေါ် အမှန်အတိုင်း ဖြေရှင်းပေးပါက မြန်မာနိုင်ငံသား နှစ်ဦးသည် လွှတ်မြောက်လာမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်နေပြီး ထောင်တွင်း အင်္ဂလိပ်စာများ လေ့လာနေသဖြင့် တိုးတက်မှု ရှိနေသည်ဟု သူက ပြော သည်။

မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦးနှင့် ကိုဇော်လင်းတို့အား ဗြိတိန် နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့မှု အပေါ် ၎င်းတို့နှစ်ဦး၏ ရှေ့နေများက မေလတွင် အယူခံတင်ပြခဲ့ပြီး ထိုင်းတရားရုံးက လက်ခံ စစ်ဆေးနေခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မေလာ(David Miller)နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝိသာရစ်(Hannah Witheridge)တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က အသတ်ခံခဲ့ရခြင်း ဖြစ်ပြီးမြန်မာနိုင်ငံသား ၂ ဦးကို တရားခံများအဖြစ် စွတ်စွဲ၍ လူသတ်မှု အပါအဝင် ပုဒ်မ ၇ခုဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly