သစ်မှောင်ခိုတွေ ရန်ပြုတာခံနေရတဲ့့ ပဲခူးရိုးမ သစ်တောဝန်ထမ်းများ

သစ်မှောင်ခိုတွေ ရန်ပြုတာခံနေရတဲ့့ ပဲခူးရိုးမ သစ်တောဝန်ထမ်းများ

သစ်တောတွေကိုကာကွယ်ဖို့ အစိုးရသစ်ကကြိုးပမ်းနေချိန်မှာပဲခူးရိုးမမှာတော့ သစ်တော ဝန်ထမ်းတွေဟာ သစ်မှောင်ခိုသမားတွေရဲ့ ရန်လိုမှုနဲ့ ရင်ဆိုင်နေရပါတယ်

ပဲခူး (Myanmar Now) - ပဲခူးရိုးမကို ဖြတ်ပြီးဖောက်ထားတဲ့မြို့ကျောင်း-စိန်ကန့်လန့်လမ်းဟာ ဒေသတွင်း သစ်ခိုးထုတ်သူတို့ရဲ့အဓိကလမ်းကြောင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သစ်တုံးတွေ လမ်းဘေးဝဲယာဟိုတစ်ပုံ၊ ဒီတစ်ပုံဖြစ်နေတဲ့ ဒီလမ်းရဲ့အစမှာပဲ ဖြတ်သန်းသွား လာမယ့် မော်တော်ယာဉ်တွေ ရပ်တန့်စေမယ့် သံတန်းမောင်းတံကြီးကိုတွေ့ရပါတယ်။ ဒီနေရာက တော့ ရန်ကုန်-နေပြည်တော်အမြန်လမ်းရဲ့ အနောက်ဖက် ၉ မိုင် ခန့် အကွာမှာရှိတဲ့ စိန်ကန့်လန့် စစ်ဆေးရေးဂိတ်ပါ။

ဒီဂိတ်မှာနေ့ရောညပါ သစ်တောဝန်ထမ်းတွေအလှည့်ကျတာဝန်ထမ်းဆောင်နေသလို ပြီးခဲ့တဲ့ လကစပြီးပဲခူးတိုင်းဒေသကြီးရဲ့ လက်နက်ကိုင်သစ်တောရဲ ၂ဝ ထဲက ထက်ဝက်ကို ဒီဒေသမှာ တာဝန် ချထားပါတယ်။ လက်နက်တပ်ဆင်မထားတဲ့ သစ်တောဝန်ထမ်းတွေ အန္တရာယ်ပြုခံရပြီးနောက်ပိုင်းမှာ သစ်တောရဲတွေကို အားဖြည့် တာဝန်ချထားရတာပါ။

ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်တွေကသစ်တောဝန်ထမ်းတွေ ပါဝင်တဲ့ အင်အား၂၂ ဦးပါ ခရိုင်သစ်တောအဖွဲ့ဟာပြီးခဲ့တဲ့ဇွန်လက၂ ဖွဲ့ခွဲပြီးပဲခူးရိုးမထဲကို ကင်းလှည့်ရာမှာ ခိုးထုတ်ပြီးသား သစ်တွေကို တင်နေတဲ့ကား တစ်စီးတွေ့ရတယ်လို့ ကျောက်တံခါးမြို့နယ်သစ်တောဦးစီးမှူး ဦးစန်းယုက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာစစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ကွာဝေးပါတယ်။ ရန်ကုန်၊ မန္တလေးအမြန်လမ်း မရှိရာဆီအတင်းမောင်းထွက်တဲ့ ခိုးသစ်တင်ကားနောက် သစ်တောအဖွဲ့နှစ်ဖွဲ့က လိုက်ဖမ်းရာမှာ သိပ်မ ကြာခင်မှာပဲ သစ်ခိုးကားမီးလောင်တာကြောင့် ကားပေါ်မှာပါတဲ့သူတွေကဆင်းပြေးကြတယ်၊ သစ်တောဝန်ထမ်းတွေ မီးငြှိမ်းနေတုန်း ထွက်ပြေးသွားသူများ ပြန်ရောက်လာတယ်၊ လေးခွထဲ သံကုံးသီးထည့်ပြီးပစ်ခတ် တိုက်ခိုက်ကြရာမှာဝန်ထမ်း ၃ ဦးဒဏ်ရာရသွားတယ်လို့ သစ်တော ဦးစီးမှူးက ဆက်ပြောပါတယ်။

သစ်ခိုးသူတစ်ဦးကဓားကိုင်ပြီးတိုးဝင်လာတယ်၊ ဝန်ထမ်းတွေကလမ်းဘေးကကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်ကြတဲ့အတွက်ရန်မူသူ ၄ ဦးပြန်လည်ထွက်ပြေးသွားကြတယ်လို့ ဦးစန်းယုက ဆက်ပြော ပါတယ်။

“ကျွန်တော် ဒီကိုပြောင်းလာတာ ၈ လပဲကြာသေးတယ်။ ဒီလို ကျွန်တော်တို့သစ်တော ဝန်ထမ်းတွေကို ပြန်ရန်ပြုတဲ့အဖြစ်အပျက်ကပထဆုံးအတွေ့အကြုံပါ။ စိတ်ထဲမှာတော့ တော်တော် လေးလန့်တာပေါ့” လို့ သူကဆိုပါတယ်။ “ကျွန်တော်တို့မှာကဘာလက်နက်မှ ပါသွားတာမဟုတ်ဘူး။ လက်နက်ဆိုလို့ တောတောင်ထဲသွားတဲ့အခါ သုံးဖို့ဆောင်သွားတဲ့ ဓါးမြောင်လေးပဲပါတာ။ ၄ ယောက် ကလေးခွနဲ့ ပစ်တယ်ဆိုပေမယ့် သူတို့နောက်ကွယ်မှာ လူတွေထပ်ပါမပါလည်း ကျွန်တော်တို့ မသိနိုင်ဘူး”

အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီး အစိုးရက စိန်ကန့်လန့်စစ်ဆေးရေး ဂိတ်ကို လက်နက်ကိုင် သစ်တောရဲ ၁ဝ ဦး ပို့ပြီး အားဖြည့်ပေးခဲ့တာပါ။

“သစ်တောရဲတွေ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလည်း (သစ်ခိုးထုတ်တဲ့ ထရပ်ကားတစ်စီး) ကျွန်တော်တို့စစ်ဆေးရေးဂိတ် မောင်းတံကိုအတင်းတိုက်ပြီးထွက်ပြေးမယ်လုပ်လို့ သစ်တောရဲတွေက ကားဘီးကိုသေနတ်နဲ့ပစ်ပြီးဖမ်းလိုက်ရသေးတယ်” လို့ ဦးစန်းယုကဆိုပါတယ်။

သစ်တောကာကွယ်ရေး ကြိုးပမ်းမှု

ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း နိုင်ငံရဲ့သစ်တောတွေဟာသစ်ထုတ်တဲ့ကုမ္ပဏီတွေ၊ လယ်ယာ စီးပွားကုမ္ပဏီတွေ၊ သစ်ခိုးဂိုဏ်းတွေကြောင့် ဖြူခါပြာခါကျခဲ့ရပါတယ်။ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူးဒေသတွေကထူထပ်တဲ့သစ်တောကြီးတွေ ပြောင်တလင်းခါသွားခဲ့ပြီး ဒေါ်လာဘီလျံနဲ့ချီပြီး တန်တဲ့ သစ်လုံးတွေဟာအိမ်နီးချင်းနိုင်ငံများဆီကိုတံခါးမရှိဓားမရှိရောက်သွားကြတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ခန့်မှန်းနေကြပါတယ်။

တပ်မတော်စစ်ကြောင်းတွေ၊ သူပုန်တပ်တွေကတိုင်းရင်းသားဒေသသစ်မှောင်ခိုသမား၊ သစ်ခိုး ထုတ်သူများကို အခွန်ကောက်ကြတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့သလို အစိုးရအရာရှိတွေရဲ့ ခြစားမှုတွေကလည်းသစ်တောပြုန်းတီးမှုကိုမီးထိုးပေးခဲ့ပါတယ်။ ယခင်အစိုးရများ လက်ထက် သစ်တော ကာကွယ်ရေးကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း သစ်တောတွေကတော့ မြန်မြန်ကြီးပဲ လျော့ကျ ပြုန်းတီးနေခဲ့တာပါ။

၂ဝဝ၁ နဲ့ ၂ဝ၁၃ အတွင်းသစ်တောဟက်တာ ၁ ဒသမ ၇ သန်း (ဧက၄ ဒသမ ၂ သန်း) ဆုံးရှုံးခဲ့ရတယ်လို့  ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းဖော်ထုတ်ရေးအေဂျင်စီ (Environmental Investigation Agency) ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထား ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သစ်တောဖုံးလွှမ်းမှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေ ပေမယ့် တစ်ဖက်မှာလည်း နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်း ၂ ရာခိုင်နှုန်းရှိတဲ့အတွက် တောပြုန်းနှုန်း အမြင့်ဆုံး နိုင်ငံတစ်ခုလည်းဖြစ်တယ်လို့ ဒီအဖွဲ့ကဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအာဏာရလာပြီးတဲ့နောက်မှာသစ်တော၊ မြစ်ချောင်း၊ သဘာဝ ရင်းမြစ်တွေကို ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲအုပ်ချုပ်ရေးကိုဦးစားပေးမယ်လို့ ဆိုထားပါတယ်။ တနိုင်ငံ လုံးမှာ သစ်ထုတ်ယူခွင့်ကို၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရပ်ဆိုင်းပြီး သစ်ထုတ်ယူနိုင်စွမ်း အကြီးအ ကျယ် ကျဆင်းခဲ့တဲ့ မြန်မာ့ကျွန်းသစ်မူရင်းဒေသပဲခူးရိုးမမှာတော့ ကျွန်းနဲ့ သစ်မာထုတ်ယူခြင်းမပြုဘဲ ၁ဝ နှစ်အထိအနားပေးဖို့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လ ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

၂၉၆ မိုင် ရှည်လျားတဲ့ ဒီပဲခူးရိုးမဟာ တစ်ချိန်ကသစ်တောထူထပ်၊ သားငှက်တွေ အလွန်ပေါခဲ့ ပေမယ့် အခုအခါမှာတော့ အဆိုးရွားဆုံး သစ်ထုတ်လုပ်မှု၊ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီး သတ်ဖြတ်မှုများနဲ့ ရင်ဆိုင်နေရပါပြီ။

နိုင်ငံအနံှ့မှာ ယခုနှစ် ပထမခြောက်လအတွင်း သစ်မျိုးစုံတန်ချိန် ၁၅,ဝဝဝ ကျော် ဖမ်းဆီးရမိ ခဲ့ပြီး အဲဒီထဲက၁၂ ရာခိုင်နှုန်းနီးပါးဟာ ပဲခူးတိုင်းဒေသကြီးမှာ ဖမ်းမိတာဖြစ်တယ်လို့ ဝန်ကြီး ဦးအုန်းဝ င်းက ဇူလိုင် ၂၉  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားပါတယ်။

သစ်တောဌာနညွှန်ကြားရေးမှူး ဦးမျိုးမင်းကပဲခူးတိုင်းမှာသစ်တောဝန်ထမ်း ၉ဝဝ ကျော်လျာ ထားပေမဲ့ ခန့်ထားနိုင်တာ ၆ဝဝ ကျော်ပဲရှိတယ်၊ လက်နက်ကိုင် သစ်တောရဲအင်အားကလည်း ၂ဝ ပဲရှိသေးတယ်လို့  ပြောပါတယ်။အင်အားမပြည့်စုံတာကြောင့် ဒေသတွင်းတောပြုန်းတီးမှု၊ တောရိုင်း တိရစ္ဆာန်တွေ သတ်ဖြတ်ဖမ်းဆီးခံနေရမှုတို့ကိုရပ်တန့်အောင်လုပ်ဖို့ခက်ခဲမယ်လို့ သူကဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းဆင်ရိုင်း၂ဝအသတ်ခံခဲ့ရပြီးဒီနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာအသတ်ခံရတာ ၁၂ ကောင်ရှိပြီဖြစ်ကြောင်း၊ အထူးသဖြင့် ပဲခူးနယ်မှာ သစ်တောမြေဧရိယာ အများအပြား ပျောက်ကွယ် လာတာကြောင့် ဆင်နဲ့ လူတို့ကြားက ပဋိပက္ခကြီးထွားလာကြောင်း သူက ပြောပါတယ်။

ဒေသခံတို့အတွက် တခြားရွေးချယ်စရာ

ပဲခူးရိုးမဒေသခံ အများအပြားဟာ သူတို့ဘဝ ရပ်တည်ရေးအတွက် တခြားရွေးစရာအခွင့်အ လမ်းတွေ မရှိသေးတာကြောင့်လည်းသစ်ခိုးထုတ်မှုတွေမှာတစ်နည်းနည်းနဲ့ ပါဝင် ပတ်သက်နေကြ တယ်လို့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုကသုံးသပ်ပါတယ်။

ချို့တဲ့ကြတဲ့ ဒေသခံအများအပြားဟာ သစ်ခုတ်ရောင်းချရခြင်းကနေဝင်ငွေရကြပြီး ကျွန်း၊ ပျဉ်းကတိုးစတဲ့ သစ်မာတွေကိုအဓိကထားခုတ်ကြကာတောလမ်းတွေအတိုင်း နွားလှည်းနဲ့ ခိုးထုတ် ကြတယ်လို့ ၎င်းကဆက်ပြောပါတယ်။ ဒေသတွင်းသစ်အချောထည်လုပ်ငန်းတွေ၊ ပရိဘောဂ လုပ်ငန်းတွေက ပြည်တွင်းဈေးကွက်အတွက် အဲဒီသစ်တွေကို သုံးကြတာပါ။ 

အခုဆိုရင် ရိုးမတောကြီးရဲ့အစွန်အဖျားတွေမှာဆိုရင် ကျွန်း၊ ပျဉ်းကတိုးစတဲ့ သစ်မာတွေကို တောနက်နက်ထဲသွားမှသာ တွေ့နိုင်တော့တယ်လို့ ဦးစန်းယုကပြောပါတယ်။ ပဲခူးရိုးမထဲမှာ သစ်တော ကြိုးဝိုင်းပေါင်း ၁ဝ၃ ခု (ဧက ၃ သန်းကျော်) ရှိပေမယ့် သစ်ခိုးထုတ်မှု၊ အပြောင်ရှင်းမှုတွေကြောင့် တောတွေက ပုံစံပြောင်းသွားပြီလို့ သူက ပြောပါတယ်။

ရန်မူတတ်တဲ့ သစ်ခိုးဂိုဏ်းကြီးတွေကိုရင်ဆိုင်ရာမှာသစ်တောဝန်ထမ်းတွေ၊ သစ်တောရဲတွေက လက်နက်မပြည့်စုံဘူး၊  ဒါကြောင့်သစ်ခိုးထုတ်ရာမှာပါဝင်တဲ့  ဒေသခံဆင်းရဲသားဖမ်းမိတာများတယ်လို့ ဦးစန်းယုကဆိုပါတယ်။ သစ်ခိုးဂိုဏ်းတွေကိုဥပဒေအရအပြစ်ပေးရမှာဖြစ်ပေမယ့် ဒေသခံအများအပြား က တခြားလုပ်ငန်းပြောင်းလုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သူကမှတ်ချက်ပေးပါတယ်။ အဲ့ဒီအ တွက် အစိုးရအနေနဲ့ ဒေသခံတွေရဲ့ စားဝတ် နေရေးကို ဖြည့်ဆည်းပေးနိုင်မယ့် သစ်တောအခြေခံ နည်းပညာသစ်တွေ၊ လုပ်ငန်းမျိုးတွေကို ရွေးချယ်စီမံချက်ချဖို့ လိုအပ်တယ်လို့ ဦးစန်းယုက သုံးသပ်ပါတယ်။

“ဒီဒေသမှာဝါးထွက်တယ်ဗျာ။ အဲ့ဒီဝါးကိုအလုံးလိုက်ထုတ်နေတာထက် ဝါးကနေရလာမယ့် ထရံတွေ၊ ဝါးတူတွေထုတ်တဲ့လုပ်ငန်းမျိုးကိုစနစ်တကျ တည်ထောင်ပေးမယ်၊ ဝါးကိုပေါင်းခံတဲ့ နည်းပ ညာတွေနဲ့ အတူလူသုံးကုန် ပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေကိုထူထောင်ပေး (သင့်တယ်)” လို့ သစ်တောဦးစီးမှူးက ပြောလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly