အမေရိကန်လူငယ်တစ်ဦး လူသတ်ပြီး သေဆုံးသူ၏ မျက်နှာကို ကိုက်ဖြတ်စားသောက်နေစဉ် ရဲတပ်ဖွဲ့တွေ့ရှိ

အမေရိကန်လူငယ်တစ်ဦး လူသတ်ပြီး သေဆုံးသူ၏ မျက်နှာကို ကိုက်ဖြတ်စားသောက်နေစဉ် ရဲတပ်ဖွဲ့တွေ့ရှိ

သြဂုတ် ၁၇ ။          ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် လင်မယားနှစ်ဦးအား သတ်ဖြတ်ကာ သေဆုံးသူအမျိုးသား၏မျက်နှာကို ကိုက်ဖြတ်စားသောက်နေသော ဆယ်ကျော်သက်လူငယ် တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုအခါ တရားခံလူငယ်မှာ မူးယစ်ဆေးသုံးစွဲထားပြီး ဆေးကြောင်နေခြင်းကြောင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း အာဏာပိုင်များက ကနဦးကောက်ချက်ချထားသည်။

မီယာမီမြို့၏ မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာ Tequesta ကျေးရွာရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်က ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၁၉ နှစ်သာရှိသေးသော ကောလိပ်ကျောင်းသား အော်စတင် ဟာရော့ဖ် ဆိုသူက ၎င်းသတ်ထား၍ သေဆုံးနေသော အမျိုးသား၏ မျက်နှာမှ အသားများကို ကိုက်ဖြတ်နေပြီး ၎င်းထံမှ မာန်မဲဟိန်းဟောက်သံများလည်း ထွက်ပေါ်နေခဲ့သည်ဟု ရဲများက ပြောသည်။

၎င်းမှာ Tequesta ကျေးရွာရှိ လင်မယားနှစ်ဦးကို ဓါးဖြင့်ထိုးသတ်ခဲ့ကာ အိမ်နီးချင်းတစ်ခုကိုပါ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

အခင်းဖြစ်စဉ်အတွင်း အသက် ၅၉ နှစ်ရှိ ဂျွန်စတီဗင် ဆိုသူနှင့် အသက် ၅၃ နှစ်အရွယ် မီချယ်လ်မစ်ရှ်ကွန် ဆိုသူ လင်မယားနှစ်ဦးစလုံး သေဆုံးသွားခဲ့သည်ဟု သိရသည်။ ဖြစ်စဉ်တွင် ဝင်ရောက်တားဆီးရန် ကြိုးပမ်းခဲ့သောအိမ်နီးချင်းတစ်ဦးမှာ တရားခံဖြစ်သူ အော်စတင်၏ ဓါးဖြင့်ထိုးမှုကို ခံခဲ့ရသော်လည်း ရဲတပ်ဖွဲ့ထံသို့ အချိန်မီအကြောင်းကြား နိုင်ခဲ့သည်။

ရဲများ ရောက်ရှိလာချိန်တွင် သေဆုံးသူ၏မျက်နှာကို အော်စတင်က ကိုက်ဖြတ်နေသည်နှင့် ပက်ပင်းတွေ့ခဲ့ရပြီး ၎င်းအားဖမ်းဆီးရန် လူအင်အားသုံးကာ ခက်ခက်ခဲခဲ ချုပ်နှောင်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

နားလည်ရခက်ခဲလှသော ယခုလူသတ်တိုက်ခိုက်မှုဖြစ်စဉ်မှာ  လ ကြုံတောင့်ကြုံခဲဖြစ်ပြီး ယင်းလူငယ်မှာ ဒေသတွင်း ပေါပေါများများ ရရှိနေလျက်ရှိသော မူးယစ်ဆေးဝါး၏ သားကောင်အဖြစ် ကျရောက်နေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရက်စက်ကြမ်းတမ်းစွာ ပြုမှုခဲ့ခြင်းဖြစ်ပုံရကြောင်း ဒေသခံရဲတပ်ဖွဲ့မှ ရဲအရာရှိ ဝီလီယံ ဆိုင်ဒါက သုံးသပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly