ကလေးခိုးကာ နှစ်နှစ်ဆယ်နီးပါး မွေးစားထားသူ အမျိုးသမီးအား ထောင်ဒဏ် ဆယ်နှစ်ချ

ကလေးခိုးကာ နှစ်နှစ်ဆယ်နီးပါး မွေးစားထားသူ အမျိုးသမီးအား ထောင်ဒဏ် ဆယ်နှစ်ချ

ကို့တောင်း၊ သြဂုတ် ၁၅ ။                ။ တောင်အာဖရိကနိုင်ငံတရားရုံးတစ်ရုံးက လွန်ခဲ့သော ၁၉ နှစ်ခန့်က ဆေးရုံကုတင်ပေါ်မှ မွေးဖွားစသုံးရက်သာရှိသေးသည့် မိန်းကလေးတစ်ဦးကို ခိုးယူသွားကာ ကိုယ်ရင်သွေးသမီးအဖြစ် ကျွေးမွေးပြုစုထားသည့် အမျိုးသမီးအား ထောင်ဒဏ် ဆယ်နှစ်ချမှတ်သည်။

ယခု အသက် ၁၉ နှစ်အရွယ်ရှိပြီးဖြစ်သည့် ခိုးယူမွေးစားခံရသူ ဇီဖန်နီသည် ကျောင်းတွင် အခြားမိန်းကလေးတစ်ဦးနှင့် ခွဲမရအောင်တူနေကြောင်း လူပြောသူပြော များလာရမှ မိခင်အဖြစ် ဟန်ဆောင်နေသူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးအား ၂၀၁၅ ခုနှစ်အတွင်း ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ထိုမိန်းကလေးနှစ်ဦးအား ရဲက ဒီအိုင်အေစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မိန်းကလေးနှစ်ဦးက ညီအစ်မများဖြစ်နေကြောင်း တွေ့ရှိသည်။

ခိုးမွေးထားခံရသည့် ဇီဖန်နီ၏ မိဘအရင်းအများက ၎င်းတို့သမီးရင်းနှင့် ပြန်တွေ့သော်လည်း မပျော်ရွှင်ရပေ။ ဇီဖန်နီက မိဘရင်းများကို အဖေအမေ တော်လိုစိတ်မရှိဘဲ ပြန်ပေးဆွဲကာ မွေးထားခဲ့သူကိုသာ မိခင်အဖြစ် စိတ်ထားနေ၍ဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။

တရားရုံးအပြင်ဖက်တွင် ဇီဖန်နီ၏ အဘွားရင်းက ပြန်ပေးဆွဲမွေးစားထားသူကို ချမှတ်သည့် ပြစ်ဒဏ်က ကြာရှည်သဖြင့် စိတ်ဆင်းရဲကြောင်း၊ သို့သော်လည်း ၎င်းတို့ မိသားစုအနေဖြင့် ဇီဖန်နီနှင့် ရင်းနှီးနွေးထွေးသော ဆက်ဆံရေး ပြန်ရအောင် အခွင့်အရေးရှိသည်ဟု၍ မျှော်လင့်ရကြောင်း ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly