အာဆီယံ-တရုတ် ဆက်ဆံရေးတွင် ၀င်ရောက် ကစားကွက်ရွှေ့မည့် မြန်မာနိုင်ငံ

အာဆီယံ-တရုတ် ဆက်ဆံရေးတွင် ၀င်ရောက် ကစားကွက်ရွှေ့မည့် မြန်မာနိုင်ငံ
NLD အစိုးရသစ်တက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံးလာရောက်တွေ့ဆုံသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နေပြည်တော်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်နေစဉ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်သည် သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြီးခဲ့သည့် နိုဝင်ဘာကက အာဏာရလာပြီးနောက်ပိုင်း သိသာအထင်ရှားဆုံးသော နိုင်ငံခြား ခရီးစဉ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ ဦးနုအစိုးရ နောက်ပိုင်း နှစ်ပေါင်း ခြောက်ဆယ်ကြာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဒီမိုကရေစီ အစိုးရသစ် တစ်ရပ်အနေဖြင့် တရုတ်တို့နှင့် တွေ့ဆုံ စေ့စပ်သွားတော့မည်ဖြစ်သည်။

အခြေခံ အဆောက်အအုံ စီမံကိန်းဆိုင်ရာ ပြဿနာရပ်များနှင့် နယ်စပ် ဒေသတစ်လျှောက် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်မှုများရှိထားခဲ့သော နှစ်နိုင်ငံဆက်ဆံရေးကို အမြန်ဆုံး ပုံမှန်ပြန်ဖြစ်ရေး အရေးပါပုံကိုလည်း အစိုးရ နှစ်ရပ်စလုံးက ကောင်းစွာ နားလည်သဘောပေါက်ထားသည်။

ယမန်နှစ် ဇွန်လက အတိုက်အခံခေါင်းဆောင် တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် တရုတ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းက အင်အားကြီး အနောက်ဘက် အိမ်နီးချင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး တစ်ခုအဖြစ်သာ ယူဆခဲ့ကြမည်ဖြစ်သည်။

ထိုစဉ်က တရုတ် ကွန်မြူနစ်ပါတီ၏ အထူးဧည့်သည်တော်အနေဖြင့် သူမသည် သမ္မတ ရှီကျင့်ဖျင်အပါအဝင် တရုတ် ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရသည်။ ယခုတစ်ကြိမ် တရုတ်သို့ သွားရောက်ချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးအဖြစ် သွားရောက်မည်ဖြစ်သည်။ ယင်းအတွက်ကြောင့် လေးစားမှုကို ပြသသည့်အနေဖြင့်လည်း တရုတ်တို့ဘက်က သူမအား နိုင်ငံ၏အထွတ်အထိပ် ခေါင်းဆောင်နှင့် ညီမျှသည့် အဆောင်အယောင် အခမ်းအနားများဖြင့် ကြိုဆိုမည်ဟုလည်း ပြောဆိုထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ယင်း၏ ပထမဆုံး ရက် ၁၀၀ ပြည့်မြောက် ဖြတ်သန်းခဲ့ပြီးနောက်ပိုင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အလုပ်အကိုင် ဖန်တီးမှု အပါအဝင် အစိုးရ၏ ကတိကဝတ်များ အကောင်အထည်ဖော် ဖန်တီး လုပ်ဆောာင်ခြင်းနှင့်ပတ်သက်၍ ပြည်သူတစ်ချို့၏ အားမလိုအားမရ ဖြစ်မှုများကိုလည်း မြင်တွေ့ထားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ၂၁ ရာစု ပင်လုံညီလာခံဟု ခေါ်ဆိုရမည့် နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း အရေးကြီးဆုံးအပိုင်းသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ကံကောင်းသည်ဟု ဆိုရမည်က အစိုးရ၏ သံတမန်ရေးရာ ဆောင်ရွက်မှုများအပေါ် ဒေသတွင်းက ဝိုင်းဝန်း ချီးကျူး ထောပနာပြုမှုများ ရရှိထားသည်။

နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနှင့်ထိုင်း ခရီးစဉ်များအပါအဝင် အာဆီယံ အစည်းအဝေးများတွင်ပင် သူမ၏ သံတမန်ရေးရာ လက်တွေ့အကျိုးမျှော် ဝါဒီကို ထုတ်ဖော်ပြသထားသည်ကို တွေ့ခဲ့ရသည်။

လာအိုနှင့်ထိုင်းခရီးစဉ်များတွင်လည်း သူမ၏ နှိမ့်ချတတ်သည့် သဘောထား ရပ်တည်ချက်များကြောင့် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်ပါ အဆင်ပြေလိုက်လျောညီထွေ ရှိစေသည်ကိုလည်း တွေ့ရသည်။ သို့သော်လည်း သူမမှာ ကမ္ဘာ့အထင်ပေါ်ဆုံး ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဆိုသည့် ဂုဏ်အင်္ဂါရပ်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ပြီး လူအခွင့်အရေး၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး စသည်တို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အဖွဲ့ကြီးအနေဖြင့် ရဲဝံ့စွာ ကိုင်တွယ်ရန် လိုအပ်ပုံကို ညွှန်းဆိုပြသပေးနေသည်။

အလားတူ တောင်တရုတ်အရေးကိစ္စတွင် နိုင်ငံတကာ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နေပြည်တော်အစိုးရ၏ ထုတ်ပြန်ချက်ကို ကြည့်ပါက မြန်မာအစိုးရ၏ လွတ်လပ်သော ရပ်တည်ချက်ကို မြင်တွေ့နိုင်သည့်အပြင် အာဆီယံအဖွဲ့ကြီးက ချမှတ်ထားသော မူဘောင်များကိုပါ လိုက်နာနေကြောင်းကိုလည်း မြင်တွေ့ရသည်။ ယင်းထုတ်ပြန်ချက်သည်လည်း သူမ၏ အတွေးအခေါ် အယူအဆပင် ဖြစ်မည်ဖြစ်သည်။

ဘက်မလိုက်ရေး နိုင်ငံခြားမူဝါဒကို ကာလကြာကိုင်စွဲလာခဲ့သော မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ဆက်ဆံရေး ခိုင်မြဲနိုင်ရန် ကြိုးစားနေမည်ဖြစ်ကာ ယင်းမှတဆင့် လုံခြုံရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် နှစ်ဘက် ကုန်သွယ်မှုပိုင်းကိုပါ တိုးမြင့် ရရှိစေနိုင်မည်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာအတွင်း နိုင်ငံတွင်းသို့ တရုတ် ရင်းနှီးမြုပ်နှံသူများ အလုံးအရင်းဖြင့် ဝင်ရောက်ထားပြီးနောက်ပိုင်း နေပြည်တော်အစိုးရအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ချဉ်းကပ်ပုံ နည်းလမ်းများကို ပြန်လည် စစ်ဆေးရမည်ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်းမှာမူ တရုတ်တို့၏ အခြေခံအဆောက်အအုံနှင့် သတ္ထုတူးဖော်ရေး စီမံကိန်းများနှင့် ဆက်စပ်ကာ ပြဿနာရပ်များ ဖြစ်ပေါ်ခဲ့၍ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ထိခိုက်လာခဲ့ရသည်။ ၂၀၁၁ ခုနှစ်က သမ္မတဟောင်း ဦးသိန်းစိန် အစိုးရက ရပ်ဆိုင်းထားခဲ့သည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည့် မြစ်ဆုံဆည် စီမံကိန်းကလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်ကို စောင့်ကြိုနေလျက် ရှိပြီဖြစ်သည်။

လာမယ့် ခရီးစဉ်အတွင်း သူမအနေဖြင့် အဆိုပါဆည်၏ ရှေ့အနာဂတ်နှင့် ပတ်သက်၍ ရှင်းလင်းသည့် သဘောထားကို ဖော်ထုတ်ရန် လိုအပ်လာမည်ဖြစ်သည်။ အလားတူ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကဲ့သို့သော သတ္ထု စီမံကိန်းများအရေးနှင့် ပတ်သက်၍လည်း နှစ်ဘက် ပြည်သူတို့နှင့် မူဝါဒချမှတ်သူများ၏ စိတ်ထဲတွင် ရှိနေဆဲဖြစ်သည်။ ယင်းကိစ္စရပ်များအတွက် ရှင်းလင်းသော ရပ်တည်ချက်များ လိုအပ်နေလျက်ရှိသည်။

ပြီးခဲ့သည့် ငါးနှစ်တာအတွင်းနိုင်ငံ၏ အသွင် ကူးပြောင်းမှုများမတိုင်ခင်က မြန်မာနိုင်ငံသည် ဘဏ္ဍာရေး၊ စစ်ရေးပိုင်းနှင့် လူသားချင်းစာနာမှု စသည့် ကဏ္ဍတို့တွင် တရုတ်တို့အပေါ် လွန်စွာ မှီခိုနေခဲ့ရသည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင်တော့ မြန်မာ အစိုးရအနေဖြင့် ယင်း၏ နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲများ လုပ်ဆောင်ထားခဲ့ပြီး တရုတ်တို့ဆီမှ တစ်ဖြည်းဖြည်းချင်း ခွာကာ အနောက်အုပ်စုနှင့် ဥရောပတို့ဆီသို့ ပိုမိုဆက်ဆံမှုများ လုပ်ဆောင်လာခဲ့သည်။ ယင်းအချိန်ကမူ ရည်ရွယ်ချက်မှာ စီးပွားရေးအရ သီးခြားရပ်တည်နေရမှုကို အဆုံးသတ်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများမှ တဆင့် ပြည်တွင်းဈေးကွက်ကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။

ယခု တရုတ်ခရီးစဉ်တွင်မူ နှစ်နိုင်ငံအကြား နယ်စပ်ရေးရာ ကိစ္စရပ်များကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ထိပ်တန်း ဆွေးနွေးမည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်လာစရာရှိနေသည်။   နေပြည်တော်နှင့် ပေကျင်း အစိုးရတို့အကြား ဆက်ဆံမှုက နွေးထွေးပျူငှာနေသော်လည်း နယ်စပ်တစ်လျှောက်ရှိ အောက်ခြေဒေသ ဆက်ဆံမှုပိုင်းတွင် ခန့်မှန်း၍မရနိုင်သော ကိစ္စရပ်များ ရှိနေနိုင်မည်ဖြစ်သည်။

ဗဟိုအစိုးရ သိရှိခြင်းမရှိဘဲ နယ်စပ်ရှိ အာဏာပိုင်များ အသိုင်းအဝိုင်းအနေဖြင့် စီးပွားရေးနှင့် စီးပွားရေး မဟုတ်သော ကိစ္စရပ်များတွင် လျို့ဝှက်စွာ ချမှတ်လုပ်ဆောင် နိုင်မှုများ ရှိနေနိုင်သည်။ ယင်းအချက်က အစိုးရသစ်အနေဖြင့် မည်သည့်အတွက်ကြောင့် ယူနန်ပြည်နယ်အပေါ် စိတ်ဝင်စားအလေးထားမှုများ ရှိနေသည်ဆိုသည်ကို ဖြေရှင်း ပေးနိုင်မည်ဖြစ်သည်။

ယမန်နှစ် မတ်လကဆိုရင် မြန်မာ့လေတပ်က တရုတ်နိုင်ငံတွင်းရှိ စိုက်ခင်းများကို မှားယွင်းစွာ ဗုံးကြဲခဲ့မိသည့် ဖြစ်စဉ်ကြောင့် အရပ်သားလေးဦးသေဆုံးကာ ရွာသားများစွာ ဒဏ်ရာရခဲ့သည့်   ဖြစ်စဉ်ဖြစ်ပွားထားခဲ့သည်။ ယင်းအချိန်က စစ်တပ်နှင့် ကိုးကန့် အဖွဲ့တု့ိ တိုက်ခိုက်နေချိန်လည်းဖြစ်သည်။ ယင်းအချိန်နောက်ပိုင်း စစ်ဘက် ဆက်ဆံရေး အေးခဲသွားခဲ့ပြီး   နေပြည်တော်အစိုးရမှ ပြန်လည် တောင်းပန်ခဲ့ပြီးမှသာ တိုးတက်လာခဲ့သည်။

ယခုအခါတွင်မူ ဒေသတွင်း ကစားကွက် ရွှေ့မည့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အပေါ် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စိတ်ဝင်တစား စောင့်ကြည့်နေပြီဖြစ်သည်။ တရုတ်-မြန်မာ အကြား တည်ငြိမ် အေးဆေးသော ဆက်ဆံမှုက အလုံးစုံသော အာဆီယံ-တရုတ် ဆက်ဆံရေးကိုပါ တိုးမြင့် ဖြစ်ပေါ်စေမည်ဖြစ်သည်။ တောင်တရုတ်ပင်လယ်ပြင်တွင် နယ်မြေ တောင်းခံခြင်းမပြုသော နိုင်ငံအဖြစ်လည်း တရုတ်တို့က မြန်မာနိုင်ငံကို နားလည်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ကြောင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မြဲစေခဲ့ကာ ယင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သား သန်းပေါင်းများစွာ အတွက်လည်း အားချင်းပင် အကျိုးဖြစ်ထွန်းစေခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည်လည်း နေပြည်တော်တွင် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီးဖြစ်သည်။

အသိသာ အထင်ရှားဆုံးအနေဖြင့် နိုင်ငံခြားမူဝါဒတစ်ခုတည်းဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်မှာ အာဆီယံတွင် အခရာကျသူ တစ်ဦးဖြစ်နေခဲ့ပြီဖြစ်သည်။ အလားတူ အာဆီယံဒေသတွင်း   နောင်တွေ့ကြုံရမည့် ကိစ္စရပ်များတွင် သူမအနေဖြင့် မည်ကဲ့သို့ ဆင်နွဲလုပ်ဆောင်သွားမည်ကို စောင့်ကြည့်ရမည်ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly