ရေဘေးသင့်ပြည်သူများအား ကူညီရန် အစိုးရအနေဖြင့် ဘတ်ဂျက်ရံပုံငွေ ကျပ် ၂၀ ဘီလီယံထားရှိ

ရေဘေးသင့်ပြည်သူများအား ကူညီရန် အစိုးရအနေဖြင့် ဘတ်ဂျက်ရံပုံငွေ ကျပ် ၂၀ ဘီလီယံထားရှိ

ရန်ကုန်၊ သြဂုတ် ၁၄ ။  ။ ရေဘေးသင့်ခံနေရသော ပြည်သူများအား ကူညီရန်အတွက် အစိုးရအနေဖြင့် ရံပုံငွေ ကျပ် ၂၀ ဘီလီယံ ထားရှိပြီး လက်ရှိတွင် ၁၇ဘီလီယံကျော် ကျန်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြောကြားသည်။

သြဂုတ်လ ၁၃ ရက်အထိ ငွေလက်ကျန် အခြေအနေမှာ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေးနှင့် ပြန်လည်နေရာ ချထားရေး ခေါင်းစဉ်အောက်တွင် ၃၈ သန်းကျော် (၃၈ ဒသမ ၄၆၅)သန်း၊ ပြည်တွင်း ထောက်ပံ့ခေါင်းစဉ် အောက်တွင် ၁၆၄ သန်းကျော် (၁၆၄ ဒသမ ၇၈၈)သန်း နှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရံပုံငွေတွင် သန်း ၁၇,၀၀၀ကျော် (၁၇၇၂၄ ဒသမ ၂၈၇) သန်း ကျန်ရှိကြောင်း သြဂုတ်လ ၁၄ရက်၊ ရန်ကုန်မြို့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

"ပြည်ထောင်စုဝန်ကြီးတို့က ရေဘေးစခန်းတွေမှာရောက်တဲ့အခါ သုံးလအောက်ကလေးလေးတွေ၊ ရက်သား ကလေးလေးတွေ တွေ့တယ်။ တွေ့တဲ့အခါကျလို့ရှိရင် မိခင်တွေ ဘေးကျရောက်တဲ့နေရာတွေမှာ ရောက်တဲ့အခါ အဟာရပြည့်ပြည့်ဝဝမရှိတဲ့အတွက် ကလေးကို နို့ချိုတိုက်ကျွေးဖို့ကျတော့လည်း အခက်အခဲဖြစ်တယ်ပေါ့။ ဒါမျိုးမှာ ကျွန်တော်တို့က ဌာနရံပုံငွေထဲက ပြည်တွင်းထောက်ပံံ့ခေါင်းစဉ်ထဲက မိခင်တွေကို ကျွန်တော်တို့က ငွေကြေးထောက်ပံ့မှုတွေရှိတယ်၊ ဒါတွေကလည်း ဒီထဲကနေယူသုံးတာပေါ့။" ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရေဘေးကြောင့် လူ ၈ဦးသေဆုံးခဲ့ပြီး ရေဘေးဒဏ်ခံနေရသူမှာ ၄သိန်းကျော်ရှိသည်။ သို့သော် ရေဘေးသင့်ဒေသများအား သဘာဝဘေးအန္တရာယ်ကျရောက်ဒေသအဖြစ် မကြေညာသည်မှာ ဥပဒေ အချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် မကြေညာခြင်းဖြစ်ကြောင်း နှင့် ယင်းသို့ မကြေညာသည့်အတွက် နိုင်ငံတကာအကူအညီများ မရရှိနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ရှင်းပြသည်။ 

"နိုင်နင်းအောင် စီမံခန့်ခွဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ ခုနကပြောသလို အရေးပေါ်ကြေညာဖို့မလိုသေးဘူးပေါ့နော်၊ အဲ့အရေးပေါ် ကြေညာဖို့ဆိုတာကလည်း ဥပဒေတွေရှိတယ်ပေါ့၊ ဥပဒေက အားနည်းချက်မရှိပါဘူး၊ တကယ်လည်း အမှန်တိုင်းဆိုလို့ရှိရင် တရားဥပဒေရေးကကော၊ အုပ်ချုပ်ရေးပိုင်းမှာကော၊ စီမံခန့်ခွဲရေးပိုင်းမှာကော နိုင်နင်းနေသေးတဲ့ အချက်ကပဲ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်၊ အဲ့ဒီအနေနဲ့ပဲ ကျွန်တော်တို့ဆောင်ရွက်နေတာပါ၊"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မီဒီယာများအားဖြေကြားသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သဖြင့် ကယ်ဆယ်ရေးစခန်းမရှိတော့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်လည်း ကယ်ဆယ်ရေးစခန်းများလျော့သွားပြီဖြစ်ရာ မူလနေရာများသို့ ပြန်လည်ပြောင်းရွေ့ပေးနေကြောင်း၊ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်များကို ကူညီပံ့ပိုးပေးရနအတွက် အစိုးအနေဖြင့် ပြင်ဆင်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly