အီဘရာဟီမိုဗစ် ဂိုးသွင်းနိုင်ပြီး မန်ယူအသင်း ဘုန်းမောက်ကို အနိုင်ရ

အီဘရာဟီမိုဗစ် ဂိုးသွင်းနိုင်ပြီး မန်ယူအသင်း ဘုန်းမောက်ကို အနိုင်ရ
(ဓာတ်ပုံ - မန်ယူ)

မန်ချက်စတာယူနိုက်နဲ့ နည်းပြ ဟိုဆေးမော်ရင်ဟိုတို့က ဘုန်းမောက်ကွင်းမှာ (၃-၁) ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ရာသီအစ အဖွင့်ပွဲကို အနိုင် (၃) မှတ်နဲ့အတူ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မန်ယူက ပွဲချိန် (၄၀) မိနစ်မှာ ဘုန်းမောက် နောက်တန်းလူ ဖရန်စစ်ရဲ့ အမှားကနေ ပြီးခဲ့တဲ့အပတ်က ကွန်မြူနတီဒိုင်းပွဲမှာ အစားထိုးခံရတဲ့ မာတာက အဖွင့်ဂိုးကို သွင်းသွားခဲ့ပါတယ်။

ပထမပိုင်းမှာ သာမန်အဆင့်သာ ကစားနိုင်ခဲ့တဲ့ မန်ယူက ဒုတိယပိုင်းမှာတော့ ကစားကွက် ပိုမိလာပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်လာနိုင်ပါတယ်။ (၅၉) မိနစ်မှာ မာရှယ်ကန်သွင်းတဲ့ ဘောလုံး ထိချက်လွဲပြီး ထွက်လာတဲ့ ဘောလုံးကို ဝိန်းရွန်နီက ခေါင်းတိုက်သွင်းခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ (၆၄) မိနစ်မှာ အီဘရာဟီမိုဗစ်က (၂၅) ကိုက်အကွာကနေ အပြင်းကန်သွင်းပြီး မန်ယူတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဘုန်းမောက်အတွက် ချေပဂိုး တစ်ဂိုးကို မန်ယူနောက်ခံလူတွေ အားနည်းချက်ကနေ နောက်ခံလူ အဒမ်စမစ်က (၆၉) မိနစ်မှာ သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးတစ်ဂိုး သွင်းယူသွားတဲ့  အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ အမှတ်ရစရာ စံချိန်တစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အသက် (၃၄) နှစ်အရွယ် ဆွီဒင်ကစားသမားဟာ သူကစားခဲ့တဲ့ အင်္ဂလန်၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်ကလပ်တွေမှာ စကစားခဲ့တဲ့ လိဂ်ပွဲတိုင်းမှာ ဂိုးသွင်းနိုင်သူ ဖြစ်လာပါတယ်။

ပွဲပြီးရလဒ်
ဘုန်းမောက် ၁-၃ မန်ယူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly