"တောင်ပြုန်းပွဲနှင့်အလှူခံ မဏ္ဍပ်"

"တောင်ပြုန်းပွဲနှင့်အလှူခံ မဏ္ဍပ်"

တောင်ပြုန်းမင်းနှစ်ပါးပွဲရောက်ပြီဆိုသည်နှင့် မြန်မာပြည်အနှံ့အပြားမှ နတ်ကိုးကွယ်ယုံကြည်သူများ လာရောက်ပူဇော်ပသကြမြဲဖြစ်သည်။

တောင်ပြုန်းမင်းနှစ်ပါးပွဲမရောက်ခင်ကပင် ပွဲတော်သို့သွားရောက်နိုင်ရန် နတ်ကိုးကွယ်ယုံကြည်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားတတ်ကြသည်။

ထိုသို့အလားတူ နတ်ကိုးကွယ်ယုံကြည်သူများ ကြိုတင်ပြင်ဆင်မှုများပြုလုပ်သလို မန္တလေးမြို့အနီးပတ်ဝန်းကျင်မှ မြို့နယ်၊ရပ်ကွက်၊ကျေးရွာများရှိ လူမှုရေးအသင်းအဖွဲ့များကလည်း အလှူခံထွက်နိုင်ရန်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြသည်။

တောင်ပြုန်းမင်းနှစ်ပါးပွဲတော်ကို မန္တလေးမြို့၊ မတ္တရာမြို့နယ် ၊တောင်ပြုန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ထိုပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများသည် မန္တလေး၊ မတ္တရာလမ်းကို အဓိက အသုံးပြုသွားလာကြသည်။ အဓိက အသုံးပြုသွားလာသည့်လမ်းမတစ်လျှောက်တွင် အလှူခံမဏ္ဍပ်များ ရာချီဖြင့် ပုံစံအမျိုးမျိုးဖြင့်အလှူခံကြသည်။

အလှူခံကြရာတွင်လည်း ရည်ရွယ်ချက်အမျိုးမျိုးဖြင့်ဖြစ်သည်။ တစ်ချို့လူမှုရေးအသင်းအဖွဲ့များသည် အသင်းရံပုံငွေအဖြစ်လည်းကောင်း၊ တစ်ချို့အသင်းအဖွဲ့များသည် ဘုရား၊ တန်ဆောင်း ပြုပြင်ရန်အတွက်လည်းကောင်း၊ တစ်ချို့အသင်းအဖွဲ့များသည် စာသင်ကျောင်းတည်ဆောက်ရန်အတွက်လည်းကောင်း စသဖြင့် အလှူခံကြသည်။

အမှန်တကယ်ပင် အလှူခံရရှိသောငွေများကို ရည်ရွယ်ချက်အတိုင်းလှူဒါန်းခဲ့ကြသည်မှာလည်း နှစ်စဉ်မြင်တွေ့နေရသည်။

အလှူခံမဏ္ဍပ်များသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့သည်။ ပိုမိုများပြားလာသလို တောင်ပြုန်းပွဲသို့ လာရောက်ပူဇော်ပသကြသူများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့သည်။

နတ်ကိုးကွယ်ယုံကြည်ကြသူအများစုသည်လည်း ဗုဒ္ဓဘာသာဝင်များဖြစ်သောကြောင့် လမ်းတစ်လျှောက်ရှိ အလှူခံမဏ္ဍပ်များကို မလွတ်တမ်းလှူဒါန်းသွားကြသည်။

အလှူခံမဏ္ဍပ်များမှ နတ်ပွဲသို့လာရောက်ကြသူများကို ရေခဲရေ၊ လ္ဘက်၊ ကွမ်းယာ၊ အချည်ပေါင်းများဖြင့် ပြန်လည်ဧည့်ခံမှုသည်လည်း ရိုးရာတစ်ခုလိုဖြစ်လာသည်။

အလှူခံနေသူအများစုသည် လူငယ်လူရွယ်များဖြစ်ပြီး မေတ္တာဖြင့်လာရောက်ကူညီကြသူများသည်။ အပျော်သဘောမျိုးဖြင့် ကခုန်ဖျော်ဖြေမှုများလည်းပြုလုပ်ခဲ့ကြသည်။

နတ်ပွဲသွားရာလမ်းတစ်လျှောက်တွင် အလှူခံမဏ္ဍပ်များဖြင့် ပြည့်နေပြီး လမ်းပေါ်အထိတက်၍ အလှူခံနေခြင်းများကြောင့်လည်း တစ်ခါတရံလမ်းပိတ်ဆို့မှုများ အချိန်ကြားမြှင့်ဖြစ်ပေါ်လျှက်ရှိသည်။ ထိုသို့ဖြစ်သော်လည်း ပြဿနာမရှိ  နားလည်မှုဖြင့်ပင် သွားလာလျှက်ရှိသည်။

တစ်ချို့ကလေးငယ်များမှာ နတ်ပွဲလာကားများနောက်လိုက်၍ ပိုက်ဆံကြဲပါဗျို့ဟူ၍ အော်ဟစ်တောင်းဆိုမှုများလည်းရှိသည်။ ထိုကလေးငယ်များအတွက် ယာဉ်အန္တရာယ်စိုးရိမ်စရာဖြစ်သည်။

နတ်ပွဲသွားရာလမ်းတစ်လျှောက်တွင် အလှူခံမဏ္ဍပ်များမှ "မူးလည်းမူးတယ်၊မြူးလည်းမြူးတယ်၊တို့ကိုကြီးကျော်"ဆိုသည့် သီချင်းသံက လွှမ်းလို့နေတော့သည်။

တောင်ပြုန်းမင်းနှစ်ပါး နတ်ပွဲသည် ဝါခေါင်လဆန်း ၈ ရက်ကစတင်နေခြင်းဖြစ် ဝါခေါင်လပြည့်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly