မြို့ပေါ် ရပ်ကွက်များအတွင်း ရေဝင်ရောက်နေသည့်အတွက် ပုသိမ်ရှိကျောင်းများ အားလုံးပိတ်

မြို့ပေါ် ရပ်ကွက်များအတွင်း ရေဝင်ရောက်နေသည့်အတွက် ပုသိမ်ရှိကျောင်းများ အားလုံးပိတ်

ပုသိမ်၊သြဂုတ် ၁၃ ။             ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကျာင်းများ ပိတ်ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက  သြဂုတ်လ၁၃ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

"ကျောင်းပိတ်ပေးတာ ကလေးတွေအတွက် ကျောင်းလာရင်ရေဆော့လို့ အန္တရာယ်မဖြစ်အောင်နဲ့ ကျန်းမာရေးအတွက်ရေထဲသွားလာရင် ဝမ်းပျက်တာတွေ၊ အအေးပတ်ပြီး ဖျားတာမျိုးတွေ မဖြစ်အောင်ပါ။ မိဘတွေ အိမ် ရေက မြုပ်နေပြီး ကျောင်းသားတွေ လိုက်ပို့ပေးရတဲ့ ဝန်ထုပ်ဝန်ပိုတွေမရှိအောင်လို့ပါ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

ကျောင်းများကို ရေပြန်ကျသည့်အထိ ပိတ်ပေးထားမည်ဖြစ်ပြီး သင်ကြားရေးပိုင်အတွက် ပြန်ပြီးစီစဉ်ဆောင်ရွက်ပေးကာ အစားထိုးပြန်သင်ကြားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပုသိမ်မြို့၊ရေကြီးမှုကြောင့် ကျောင်းအချို့ ပိတ်ထားရပြီး၊ ယခုအချိန်တွင် ရပ်ကွက်များအတွင်း ရေဝင်ရောက်နေမှုကြောင့် ကျောင်းများအားလုံး ပိတ်လိုက်ခြင်း ဖြစ်သည်။

ပုသိမ်မြို့တွင် ငဝန်မြစ်ရေတိုးလာသည့်အပြင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် သြဂုတ်လ ၈ရက်နေ့မှ စတင်ကာ မြို့ပေါ်ရပ်ကွက်အတွင်း ရေများ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly