သြဂုတ် ၁၃၊ ရန်ကုန် ။ ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား အဆင့်(၂)နေရာတွင် ရပ်တည်နေပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲရောက်ရှိနေသည့် မကွေးအသင်းမှာ လာမည့်နှစ်ဘောလုံးရာသီတွင် AFC Cup ဝင်ခွင့် ရခဲ့ပါက ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာဟု နည်းပြ ဦးကြည်လွင်ကပြောသည်။
မကွေးအသင်းမှာ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် ၂ပွဲအလိုတွင် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင်ရပ်တည် နေပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းနှင့်ရင်ဆိုင် ရမည်ဖြစ်သည်။
“AFC Cup ပြိုင်ပွဲကိုဝင်ဖို့က ကျွန်တော်တို့မှာ အခက်အခဲတွေအများကြီးရှိပါတယ်။ ကလပ်အသင်းတစ်သင်းမှာရှိသင့်တဲ့ အရာတွေလည်း မပြည့်စုံသေးပါဘူး။ ဒါပေမယ့်ဒါတွေကို အသင်းပိုင်ရှင်တွေက ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာလုပ်ရမှာပါပဲ” ဟု ဦးကြည်လွင်ကပြောသည်။
မကွေးအသင်းအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဗိုလ်လုပွဲတွင် ရန်ကုန်ကိုနိုင်ပြီး ချန်ပီယံဖြစ်ပါက လာမည့်နှစ်ဘောလုံးရာသီတွင် AFC Cup ဝင်ခွင့်ရမည်ဖြစ်သည်။