ပြုပြင်ပြောင်းလဲမှုများ အရှိန်နှေးကွေးနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဖိအားများအောက်ကျရောက်

ပြုပြင်ပြောင်းလဲမှုများ အရှိန်နှေးကွေးနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဖိအားများအောက်ကျရောက်

နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အစိုးရအဖွဲ့ နိုင်ငံကို စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ယခုလက်ရှိအချိန်ထိ နိုင်ငံတွင် ပြောင်းလဲမှုများ နှေးကွေးစွာ ဖြစ်ပေါ်နေသည့်အပေါ် ပြည်တွင်းနှင့် ပြည်ပတို့က ဝေဖန်သံများ ထွက်ပေါ် နေလျက်ရှိကြောင်း သိရသည်။

"အစိုးရသစ်အပေါ် ပြည်သူတွေရဲ့ မျှော်မှန်းချက်က အရမ်းကို မြင့်လွန်းအားကြီးနေပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇေယျက သြဂုတ် ၁၂ ရက်က ပြောသည်။ ဆက်လက်၍ ၎င်းအနေဖြင့်ကမူ ယခုလက်ရှိ အစိုးရအဖွဲ့၏ စွမ်းဆောင်ထားနိုင်မှုနှင့်ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောသည်။

ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးအောင်မြင့်ကမူ "ကျွန်တော်ကတော့ တကယ့်ကို စိတ်ပျက်နေပါပြီ" ဟု ဆိုသည်။ ၎င်းအနေဖြင့်ကမူ အစိုးရသစ်ကို ပြည်သူလူထုနှင့် ပိုမိုထိတွေ့စေလိုခြင်းအပါအဝင် စီးပွားရေးဖွံ့ဖြိုးမှုတွက် ပိုမိုလုပ်ဆောင်စေလိုသည်ဟု ဆိုသည်။

ဇူလိုင်လကုန်ပိုင်းကမူ ကာလကြာ စောင့်ဆိုင်းနေခဲ့ရသည့် နိုင်ငံ၏ စီးပွားရေး မူဝါဒ အချက် အလက်များကို အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ယင်းတို့တွင် အသေးစိတ် ဘဏ္ဍာငွေကြေးဆိုင်ရာ အချက်အလက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အချက်အလက် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ယမန်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရကာ ဆယ်စုနှစ်ငါးစုကြာ စစ်တပ်အာဏာ ချုပ်ကိုင်ထားခဲ့မှုကို အဆုံးသတ်စေခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက ဝိုင်းဝန်းကြိုဆိုခဲ့ကြပြီး မျက်မှောက်ခေတ် ကာလများထဲတွင် ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တစ်ခုဟု သတ်မှတ်ခံခဲ့ရသည်။

သို့ရာတွင်လည်း ယင်းအချိန်မှစ၍ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတွင် ကာလကြာရှည်နေသော လူမျိုးရေးပဋိပက္ခဖြစ်စဉ်များတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ခြင်းမရှိမှုအပေါ် စွဲဆိုပြစ်တင်မှုများနှင့် ရင်ဆိုင်ထားခဲ့ရသည်။ ယင်းအပြင် မတ်လကုန်က စတင်တာဝန်ယူပြီးချိန်ကတည်းက လူထုရှေ့သို့ ထွက်လာခြင်းမျိုးအဖြစ်က ရှားပါးနေခဲ့ပြီး သူမတို့ အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမျိုးတွင်ပင် သူမ ထွက်လာမည်လား ဆိုသည်ကလည်း ရှင်းလင်းခြင်းမရှိသေးပေ။

"သူတို့ အာဏာမရခင်တုန်းကတော့  NLD ပါတီအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အစိုးရနဲ့ မီဒီယာတွေအကြား ဆက်ဆံရေး ကောင်းတည်ဆောက်နိုင်ဖို့ စတာတွေကို အမြဲပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာလည်း ရပြီးရော ကျွန်တော်ထင်ပါတယ်၊ ဒါမျိုးတွေ ဖြစ်မလာခဲ့ဘူးလို့ပေါ့" ဟု ယခင် သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

ဖွဲ့စည်းပုံဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအဖွဲ့တွင် ရာထူးနေရာသစ် တစ်ခုကို ဖန်တီးရယူကာ သူမ ပြောထားခဲ့သည့် စကားဖြစ်သော "သမ္မတအထက်မှနေမည်" ဆိုသည်ကို လက်တွေ့အသုံးချနေသည်ဟု ယူဆရသည်။

သို့သော်လည်း သူမအား ထောက်ခံသူ ပြည်သူများကတော့ ငါးလတာကာလအတွင်း ခက်ခဲကြမ်းတမ်း မှုများနှင့်ကြုံတွေ့ခဲ့ရကြောင်းနှင့် သူမတို့အနေဖြင့် အချိန်လိုအပ်သည်ဟု ပြောကြားကြသည်။ "ခုချိန်မှာ အစနှေးနေတယ်ဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်ပြောချင်တာကတော့ အလုပ်တွေကို အလျင်စလို ဖုတ်ပူမီးတိုက် လုပ်တာထက်စာရင် ဖြေးဖြေးမှန်မှန်လုပ်တာက ပိုကောင်းပါတယ်" ဟုလည်း သြစတြေးလျ ရှိ Macquarie တက္ကသိုလ်မှ ပညာရှင် Sean Turnell က ပြောသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့၏ စီးပွားရေးအကြံပေးတစ်ဦးလည်းဖြစ်သည်။

အစိုးရသစ်အနေဖြင့် အလုပ်ပေါင်းများစွာကို လုပ်ဆောင်ထားနိုင်ခဲ့ကြောင်းလည်း Mr Turnell က ထောက်ခံ ပြောကြားသည်။ အခွန်စနစ်ကို ပြုပြောင်းပြောင်းလဲရန် လုပ်ဆောင်ခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုှပ်နှံမှု (အခြေခံအဆောက်အအုံနှင့်ဆက်နွယ်သည့်) တွင်လည်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များကို ထုတ်ပြန် ဆောင်ရွက်ခြင်း စသည်တို့ ရှိထားသည်ဟု ဆိုသည်။

နိုင်ငံတွင် စီးပွားရေးနှင့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများသည် ဗြိတိသျှ ကိုလိုနီခေတ် လက်ကျန်ကာလများကတည်းက ရှိထားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တွင် မီးပြတ်မှုများ မကြာခဏဆိုသလို ကြုံတွေ့ရတတ်သကဲ့သို့ ကျေးလက်ဒေသအများစုသည်လည်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသေးသည်။

ယခုကဲ့သို့ အစနှေးကွေးမှုများ ရှိနေခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၅ နှင့် ၂၀၁၆ ကြားကာလ၌ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းနှင့် ယင်းနှုန်းသည် အာရှတွင် အမြန်ဆန်ဆုံး နှုန်းထားတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။ ယခုနှစ်နှင့် နောက်နှစ်တွင်လည်း စီးပွားရေးတိုးတက်မှု ၇ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟုလည်း တစ်ဆက်တည်းခန့်မှန်းထားသည်။ နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုများလည်း မြင့်တက်လာခဲ့ပြီး တယ်လီနော၊ ကိုကာကိုလာ၊ ဂျီအီး စသည့် နိုင်ငံခြား ကုမ္ပဏီကြီးများလည်း ဝင်ရောက်လာခဲ့သည်။

နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပမှ အဓိက ဝေဖန်နေသည့်အချက်က လူမျိုးရေး ပဋိပက္ခများတွင် သူမ၏ ရပ်တည်ချက်နှင့်ပတ်သက်၍ဖြစ်သည်။ မေလက သူမ ဦးဆောင်သော နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်ရှိ သံရုံးများအားလုံးကို ရိုဟင်ဂျာဆိုသော အသုံးအနှုန်း အသုံးပြုမှု ရပ်တန့်ရန် ညွှန်ကြား ထားခဲ့သည်။
အလားတူ သူမသည် ရာထူးတာဝန်များများ ရယူထားမှုနှင့်ပတ်သက်၍လည်းဝေဖန်မှုများရှိနေသည်။ ဝန်ကြီးနေရာ နှစ်နေရာအပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကိုလည်း ရယူထားသည်။ ယခုကဲ့သို့ ရာထူးတာဝန်အများအပြားကို ရယူထားခြင်းအပေါ် ပျော်ရွှင်မိသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သူမတို့အစိုးရ တက်လာချိန်တွင် ပြည်သူများသောင်းသောင်းဖျဖျ ကြိုဆိုမှုများရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိနေခဲ့ပြီဖြစ်သည်။ ရန်ကုန်တွင်နေထိုင်သော မောင်မောင်အောင်ကလည်း အစိုးရသစ်၏ လက်ရှိ စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်နေသော်လည်း အချိန်တိုအတွင်းအရာအားလုံးကို ပြီးစီးအောင် လုပ်ကိုင်နိုင်ရန် ခက်ခဲမည်ပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

World Street Journal တွင် ဖေါ်ပြသည့် Aung San Suu Kyi Pressured Over Slow Pace of Change in Myanmar ကို ဘာသာပြန်ဆိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly