မူးယစ်ကုန်ကူးမှုများတွင် ပါဝင်သည့် ရဲများကို စုံစမ်းဖော်ထုတ်ရန် အင်ဒိုနီးရှားသမ္မတ အမိန့်ပေး

မူးယစ်ကုန်ကူးမှုများတွင် ပါဝင်သည့် ရဲများကို စုံစမ်းဖော်ထုတ်ရန် အင်ဒိုနီးရှားသမ္မတ အမိန့်ပေး

ဂျကာတာ၊ သြဂုတ် ၁၃ ။         ။ လုံခြုံရေးဝန်ထမ်းတစ်ချို့က မူးယစ်ဆေးဝါးကုန်ကူးမှုများ ပါဝင်လုပ်ကိုင်နေသည်ဟူသော စွပ်စွဲချက်များကို စုံစမ်းဖော်ထုတ်ရန် ရဲဌာနအား အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အမိန့်ထုတ်သည်။

လူအခွင့်အရေးဦးဆောင်လှုပ်ရှားသူတစ်ဦးက ရဲဝန်ထမ်းလုံခြုံရေးတပ်ဖွဲ့ဝင်များတွင်လည်း မူးယစ်ကုန်ကူးမှုများတွင် ပါဝင်နေကြသည်ဟု ပြောဆိုလိုက်ပြီးနောက် လူမှုမီဒီယာများတွင် ထိုစွပ်စွဲချက်က ကျယ်ပြန့်သွားခဲ့ခြင်းဖြစ်သည်။

စွပ်စွဲချက်များနှင့် ပတ်သက်ကာ ရဲက အပြင်းအထန် ငြင်းသည်။ အင်ဒိုနီးရှားနိုင်ငံသည် မူးယစ်ဆေးဝါးအား တင်းကြပ်ပြင်းထန်စွာ အပြစ်ပေးစီရင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သမ္မတ ဝီဒိုဒို ရာထူးယူပြီး နှစ်နှစ်အတွင်း မူးယစ်မှုနှင့် ပတ်သက်ကာ လူပေါင်း ၁၈ ဦးကို သေဒဏ်ပေးစီရင်ထားသည်။

ရဲများ မူးယစ်ဆေးဝါးကုန်ကူးမှု၌ ပါဝင်လုပ်ကိုင်နေသည်ဟူသော စွပ်စွဲချက်ကို ထင်ရှားသည့် တက်ကြွလှုပ်ရှားသူ ဟာရီအဇက်ဟာက ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်က အကျဉ်းထောင်အတွင်း နာမည်ကြီးမူးယစ်ကုန်ကူးသူတစ်ဦးနှင့် အဇက်ဟာက သွားရောက်တွေ့ဆုံထားခဲ့ခြင်းဖြစ်သည်။

ရဲများ၊ စစ်တပ်နှင့် အထူးမူးယစ်ဆေးဝါးနှိမ်နှင်းရေးအေဂျင့်များကို ဆေးဝါးကုန်ကူးမှုများတွင် ဖမ်းဆီးခြင်းမပြု အကာအကွယ်ပေးရန် ငွေကြေးပေးဆောင်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း မူးယစ်ကုန်ကူးသူ ဖရက်ဒီဘူဒီမန်က ပြောသည်ဟု အဇက်ဟာက လူမှုမီဒီယာတွင် ရေးသားဖော်ပြလိုက်ခြင်းဖြစ်သည်။

ဘူဒီမန်ကို ပြီးခဲ့သည့်လအတွင်းက သေနတ်ဖြင့် ပစ်သတ်ကာ သေဒဏ်အဆုံးစီရင်ခဲ့သည်။ ၎င်းနှင့်အတူ အခြားမူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသူသုံးဦးကိုလည်း အတူစီရင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly