ဂရင်းလန်း ငါးမန်းမျိုးစိတ်မှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ကျောရိုးရှိ သတ္တဝါများဖြစ်သည်ဟု သုတေသီများပြော

ဂရင်းလန်း ငါးမန်းမျိုးစိတ်မှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ကျောရိုးရှိ သတ္တဝါများဖြစ်သည်ဟု သုတေသီများပြော

သြဂုတ် ၁၂ ။             ။ မြောက်အတ္တလန္တိတ် သမုဒ္ဓရာတွင် အများဆုံးကျင်လည်ကျက်စားသည့် ဂရင်းလန်းငါးမန်းများမှာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး နေထိုင်ရှင်သန်သော ကျောရိုးရှိ သတ္တဝါများဖြစ်နေကြောင်းနှင့် ယင်းတို့မှာ အများဆုံးနှစ်ပေါင်း ၄၀၀ ထိ နေထိုင်ရှင်သန်နိုင်ကြောင်းကို နိုင်ငံတကာ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်ဟု သိရသည်။

ယင်းငါးမန်းများ၏ ကြီးထွားမှုနှုန်းမှာ လွန်စွာနှေးကွေးလွန်းလှပြီး တစ်နှစ်လျင် အရွယ်အစား ၁ စင်တီမီတာခန့်သာ ကြီးထွားတတ်ခြင်းကြောင့် ယင်းတို့၏ သက်တမ်းကို ပိုမိုရှည်လျားစေခြင်းဖြစ်ကြောင်းသိရသည်။ ယင်းငါးမန်းများမှာ ဝေလငါးများထက် ရာစုနှစ် နှစ်စုစာနီးပါး ပိုမိုသက်တမ်းရှည်ကြာစွာ နေထိုင်နိုင်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ဂရင်းလန်း သဘာဝအရင်းအမြစ် ဌာနက လုပ်ဆောင်ခဲ့သော ယခုလေ့လာချက်အရ အရွယ်ရောက်ပြီးသော ဂရင်းလန်းငါးမန်းများမှာ အရွယ်အစားပိုင်းတွင် ၁၃ ပေနှင့် ၁၆ ပေအကြား ရှိတတ်ပြီး ငါးမန်းအမများမှာ အထီးများထက် သိသိသာသာ ပိုမိုကြီးထွားနေကြကြောင်း သိရသည်။

လက်ရှိအချိန်ထိ ယင်းငါးမန်းများ၏ ဇီဝဖြစ်တည်ပုံနှင့် ပတ်သက်၍ အတိအကျ ရှင်းပြနိုင်သေးခြင်းမရှိကြောင်း ယခုလေ့လာချက်ကို ဦးဆောင်ခဲ့သည့် သုတေသနပညာရှင် ဂျူးလီးယက်စ် နယ်လ်ဆင်က ပြောသည်။

အဆိုပါ ဂရင်းလန်းငါးမန်းမျိုးစိတ်များ၏ အသက်ကို တိုင်းတာသိရှိနိုင်ရန် နယ်လ်ဆင်နှင့် အဖွဲ့သားများမှာ စမ်းသပ်မှုကာလတွင်း ဖမ်းဆီးထားသော ငါးမန်းအမများ၏ မျက်တွင်းမှန် ကလပ်စည်းများကို လေ့လာခဲ့ကြသည်။

လေ့လာခဲ့သော ငါးမန်းများထဲမှ အကြီးဆုံး နှစ်ကောင်မှာ အရွယ်အစားအားဖြင့် ၁၆ ပေ၊ ၂ လက်မ နှင့် ၁၆ ပေ ငါးလက်မ အသီးသီး ရှိခဲ့ကြပြီး ယင်းတို့၏ သက်တမ်းမှာ နှစ်ပေါင်း ၃၃၅ နှစ် နှင့် ၃၉၂ နှစ်ပင် ရှိနေကြကြောင်းကို လေ့လာတွေ့ရှိခဲ့သည်။ အလားတူ တွေ့ရှိချက်အရ ယင်းငါးမန်းများမှာ သက်တမ်း ၁၅၀ ခန့်ရောက်မှသာ မျိုးပွားနိုင်သည့်အခြေအနေသို့ ရောက်ရှိကြကြောင်းလည်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags