မြစ်ဆုံဆည် အပါအဝင် ကချင်ပြည်နယ်မှ စီမံကိန်းများ ဆက်လုပ်သင့်မသင့် စုံစမ်းရန် ကော်မရှင်ဖွဲ့စည်း

မြစ်ဆုံဆည် အပါအဝင် ကချင်ပြည်နယ်မှ စီမံကိန်းများ ဆက်လုပ်သင့်မသင့် စုံစမ်းရန် ကော်မရှင်ဖွဲ့စည်း
ကချင်ပြည်နယ် မြစ်ဆုံဒေသကို တွေ့ရစဉ်။

ကချင်ပြည်နယ်အတွင်း တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများကို လေ့လာဆန်းစစ်မည့် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်” ကို သမ္မတ ဦးထင်ကျော်က သြဂုတ်လ ၁၂ ရက်တွင် ဖွဲ့စည်းလိုက်သည်။

ကော်မရှင်သည် “ဧရာဝတီ- မြစ်ဆုံမြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း များနှင့်စပ်လျဉ်း၍ အမျိုးသား အကျိုးစီးပွားတိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံ သူတို့ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေမည့် သင့်လျော်သော နည်းလမ်းများ ရရှိစေရန်” ဟူသည့် တာဝန်ကို ပေးအပ်ထားသည်။

အလားတူ “စီမံကိန်းဆိုင်ရာ စာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ” ကိုလည်း ရှာဖွေရမည်ဟု ပါရှိသည်။ “စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ” တို့ကို လေ့လာဆန်းစစ်ရန် ဟူသည့် အချက်လည်း ပါဝင်သည်။

အမိန့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၅၈/၂၀၁၆
၁၃၇၈ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်)
 
■ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
 
၁။ ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့် နှင့်စပ်လျဉ်း၍ လေ့လာ စိစစ် သုံးသပ်တင်ပြနိုင်ရန် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်“ ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ဦးတီခွန်မြတ်
ဒုတိယဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
(ခ) ဦးကျော်တင့်ဆွေ
ပြည်ထောင်စုဝန်ကြီး
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(ဂ) ဒေါက်တာအောင်သူ
ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ) ဦးသန့်စင်မောင်
ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(င) ဦးအုန်းဝင်း
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အဖွဲ့ဝင်
(စ) ဦးဖေဇင်ထွန်း
ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) ဒေါက်တာမျိုးသိမ်းကြီး
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) ဦးထွန်းထွန်းဦး
ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(ဈ) ဒေါက်တာခက်အောင်
ဝန်ကြီးချုပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်
(ည) မိကွန်ချမ်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အဖွဲ့ဝင်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင်
(ဋ) ဒေါက်တာမြဉာဏစိုး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်
(ဌ) ဦးအုန်းမြင့်
ဒုတိယဝန်ကြီး (ငြိမ်း)
အကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသားရေအရင်းအမြစ် ကော်မတီ အဖွဲ့ဝင်
(ဍ) ဦးမျိုးမြင့်
ဒုတိယဝန်ကြီး (ငြိမ်း) အဖွဲ့ဝင်
(ဎ) ဒေါ်မေရီမီနန်
ဥပဒေချုပ် (ငြိမ်း)၊ ကချင်ပြည်နယ် အဖွဲ့ဝင်
(ဏ) ဦးတင်မြင့်
အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(တ) ဦးမောင်မောင်အေး
နာယက၊ Myanmar Environmental Institute  အဖွဲ့ဝင်
(ထ) ဦးဝင်းကျော်
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတမံကြီးများအသင်း အဖွဲ့ဝင်
(ဒ) ဦးချိုချို
အကြံပေးအဖွဲ့ဝင်၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ အဖွဲ့ဝင်
(ဓ) ဒေါက်တာဝင်းသိမ်း
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အတွင်းရေးမှူး
(န) ဒေါ်မိမိခိုင်
ညွှန်ကြားရေးမှူးချုပ်
လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး
 လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်များ
 
၂။ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ဧရာဝတီ- မြစ်ဆုံမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း များနှင့်စပ်လျဉ်း၍ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုုပ်နှံ သူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သောနည်းလမ်းများ ရရှိစေရန် အောက်ပါ အချက်များကို လေ့လာစိစစ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ အစီရင်ခံ တင်ပြရမည်-
(က) စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် နိုင်ငံတကာပြဋ္ဌာန်း ချက်များ၊ ပြည်တွင်းဥပဒေများနှင့် ဆောင်ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ- မရှိ
 
(ခ) စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
 
(ဂ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊
 
(ဃ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း(Up Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း(Down Stream)၊ မြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှု အခြေအနေ၊
 
(င) မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊
 
(စ)
စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းနိုင်မှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊
 
(ဆ) စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊
 
(ဇ) စီမံကိန်းဆိုင်ရာ စာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ။
 
၃။ ကော်မရှင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးစီးပွား တိုးတက်ရေးတို့အပေါ် အခြေခံ၍ အကြံပြုချက်များနှင့် သုံးသပ်ချက်များကို ပြုစုတင်ပြရမည်။ ထိုသို့ တင်ပြရာတွင် ဒေသခံ ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထားသည့် ခံစားချက်များအပါအဝင် သဘောထားအမြင်များကို ထည့်သွင်း စဉ်းစားရမည်။
 
၄။ နိုင်ငံတော်သမ္မတရုံးက ကော်မရှင်၏ အုပ်ချုပ်မှု ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးရန်နှင့် လုံခြုံရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆောင်ရွက်ပေးရမည်။
 
၅။ ကော်မရှင်သည် လေ့လာစိစစ်သုံးသပ်မှုများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုအပ်သော ပုဂ္ဂိုလ်များကို ဖိတ်ခေါ်၍ မေးမြန်း ဆွေးနွေးခြင်း၊ စာရွက်စာတမ်းများ တောင်းယူခြင်း၊ လိုအပ်သည့် နေရာဒေသများသို့ သွားရောက် လေ့လာ စစ်ဆေးခြင်း၊ ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ခြင်း၊ ခန့်ထားခြင်း တို့ကို ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတရုံး၏ သဘောတူညီချက်ဖြင့် ကျွမ်းကျင်မှု ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်။
 
၆။ ကော်မရှင်၏ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမည်။
 
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 
စာအမှတ်၊ ၁၁၂ (၁) / ၈ / သမ္မတရုံး
ရက်စွဲ  ၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ  ၁၂ ရက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly