အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် ဗီယက်နမ်က ဒုံးကျည်ပစ်လောင်ချာများ လာရောက်ထားရှိခဲ့ဟု သတင်းများထွက်ပေါ်

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် ဗီယက်နမ်က ဒုံးကျည်ပစ်လောင်ချာများ လာရောက်ထားရှိခဲ့ဟု သတင်းများထွက်ပေါ်

သြဂုတ် ၁၁ ။               ။ အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် ဗီယက်နမ်က ယင်း၏ ဒုံးကျည်ပစ်လောင်ချာများကို လာရောက်ထားရှိလိုက်ပြီဖြစ်ရာ နယ်မြေအငြင်းပွားမှုများအတွင်း တရုတ်နှင့်ထိပ်တိုက်ရင်ဆိုင်ရန် ယင်းနိုင်ငံ၏ အင်အားကို ပိုမိုခိုင်မာစေရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုထားရှိခဲ့သော ဒုံးကျည်ပစ်လောင်ချာများက ပင်လယ်ပြင်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် တရုတ်တို့၏ စစ်ရေးဆိုင်ရာ ပြင်ဆင်နေမှုများကို တိုက်ခိုက်နိုင်စွမ်းရှိမည်ဟုလည်း သိရသည်။

ဗီယက်နမ် အာဏာပိုင်များသည် ပြီးခဲ့သည့်လများကတည်းကပင် ပင်လယ်ပြင် ကျွန်းစုများပေါ်ရှိ ယင်း၏ စစ်အခြေစိုက်စခန်းငါးခုတွင် အဆိုပါ လောင်ချာများကို ရွှေ့ပြောင်းထားလိုက်ခြင်းဖြစ်ကြောင်း အနောက်အုပ်စုမှ သံတမန်များနှင့် စစ်ဘက်အရာရှိများက ပြောသည်။

အဆိုပါ လောင်ချာများ၏တည်နေရာအတိအကျကို နေရာထောက်လှမ်းရှာဖွေမှုများဖြင့် သိရှိနိုင်မည်မဟုတ်ဘဲ လာမည့်နှစ်ရက်သုံးရက်တွင်း ပစ်ခတ်ရန် အဆင့်သင့်အနေအထားသို့ရောက်ရှိတော့မည်ဟု အနောက်အုပ်စုဘက်မှ ဖော်ပြသော သတင်းများအရ သိရသည်။

သို့သော် ယခုကဲ့သို့ အငြင်းပွားကျွန်းများတွင် ဒုံးကျည်ပစ်လောင်ချာထားရှိသည့်သတင်းများကို မှန်ကန်သည်ဟု ဗီယက်နမ်အာဏာပိုင်များဘက်က အတည်ပြုသွားခြင်းတော့မရှိပေ။

ဗီယက်နမ် ကာကွယ်ရေး ဒုဝန်ကြီး ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ငုရင် ချီဗင်ကမူ ၎င်းတို့ နိုင်ငံအနေဖြင့် ကျွန်းစုများတွင် ထိုကဲ့သို့သော လောင်ချာလက်နက်များ ထားရှိထားခြင်းမရှိကြောင်း ဖြေဆိုသွားသော်လည်း မိမိတို့ နိုင်ငံအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်မှုများ လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags