တအာင်း၊ ကိုးကန့်၊ AA သုံးဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့

တအာင်း၊ ကိုးကန့်၊ AA သုံးဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့

ချင်းမိုင်၊ သြဂုတ် ၁၀ ။  ။ ရက္ခိုင်တပ်မတော်(AA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်ဦးဆောင်သော အဖွဲ့တို့ သြဂုတ်လ ၉ ရက်က တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက် သဘောတူညီမှု မရခဲ့ကြောင်း TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်ဘုန်းကျော်က ပြောသည်။

အစိုးရ ကိုယ်စားလှယ်ဘက်မှ “လက်နက်ကိုင် နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်းဖို့ အပြည့်အဝ ဆန္ဒရှိတယ်။ လက်နက်ကိုင်ဆောင်မှုတွေကိုလည်း ထိန်းချုပ်ဖို့ ဆွေးနွေးမယ်ဆိုတာကို သဘောတူပါသည်ဆိုသည့်အချက်ကို ကြေငြာချက် ထုတ်ပြန်ရန် ပြောဆိုခဲ့မှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့ကလည်း လက်မခံနိုင်သဖြင့် သဘောတူညီမှု မရခဲ့ဘဲ ဆွေးနွေးမှု ပြီးဆုံးခဲ့သည်ဟု ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။

“အဓိကပြောတာက ဖိတ်ကြားတဲ့ဟာကို လိုက်ပါဖြစ်မယ်ဆိုရင်တော့ ထုတ်ပြန်ကြေငြာချက် ထုတ်ဖို့လိုပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်နည်းလမ်းကို စွန့်ဖို့၊ အပြီးတိုင်ချုပ်ငြိမ်းဖို့ ဆန္ဒအပြည့်အဝ ရှိတယ်ဆိုတဲ့ဟာတော့ ပါဖို့လိုတယ်။ တနည်းအားဖြင့်တော့ လက်နက်စွန့်နိုင်တယ်ဆိုတဲ့ကတိ ကြိုပေးဖို့ လိုတယ်ပေါ့။ အဲဒါကို ထုတ်ပြန်ဖို့ လိုတယ်ဆိုတာ ပြောပါတယ်။ ကျနော်တို့က ထုတ်ပြန်ချက် မထုတ်နိုင်ပါဘူး၊ အဲဒီဟာကို ဆွေးနွေးညှိနှိုင်းကြတာပါ။ နောက်ဆုံးက ကျနော်တို့ဆွေးနွေးညှိနှိုင်းတာကတော့ အဆင်မပြေပါဘူး ထုတ်ပြန်ချက်ထုတ်ဖို့ အခက်အခဲဖြစ်တယ်။ သူတို့ဘက်ကလည်း ထုတ်ပြန်ကြေငြာချက် မထုတ်ဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ကျနော်တို့ လိုက်ပါနိုင်ဖို့ အခက်အခဲဖြစ်တယ်။ ပါလို့မရဘူးဆိုတာပဲ ပြီးသွားပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရ ကိုယ်စားလှယ်များဘက်မှ ထည့်သွင်းလိုသော စာသားများကို ထုတ်ပြန်ကြေငြာချက်တွင် ထည့်သွင်းရန် လက်မခံနိုင်သဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ ညှိနှိုင်းဆွေးနွေးချက်များကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင် ထံသို့ ပြန်လည် တင်ပြသွားမည် ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ်ဘက်မှ ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“လောလောဆယ် အခြေအနေမှာတော့ သူတို့ဘက်ကလည်း အဲဒီလို ညှိနှိုင်းပိုင်ခွင့်မရှိဘူး။ ကျနော်တို့ဘက်မှာလည်း သူတို့ ထုတ်ပြန်ခိုင်းတဲ့အတိုင်း ထုတ်ပြန်ဖို့ အခက်အခဲရှိတယ်။ မထုတ်ပြန်နိုင်ဘူး။ လောလောဆယ် နှစ်ဖက် ကြားထဲမှာတော့ သဘောတူညီချက် မရသေးပါဘူး”ဟု သူက ပြောသည်။

ထို့ပြင် ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့ကို အစိုးရကိုယ်စားလှယ်ဘက်မှ လာမည် သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားခဲ့သလို၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲတါင် ပါဝင်နိုင်ရန် ဆွေးနွေးခဲ့ကာ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း အစိုးရကိုယ်စားလှယ်များ၏ ဖိတ်ကြားချက်အပေါ် လက်ခံကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် အဆင်သင့်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၉ ရက် ဆွေးနွေးမှုတွင် အစိုးရ ကိုယ်စားလှယ်ဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် အကြံပေး ဦးအောင်ကြည်တို့ ၃ ဦးနှင့် TNLA မှ ဥက္ကဌ တာအိုက်ဘုန်း၊ AA မှ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၊ MNDAA မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းတို့ တက်ရောက် ဆွးနွေးခဲ့သည်ဟု သိရသည်။

AA,TNLA,MNDAA တို့ကို တပ်မတော်ဘက်က လက်နက်စွန့်မှသာ ငြိမ်းချမ်းရေးတွင် ပါဝင်နိုင်မည်ဟု ပြောဆိုခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က ယင်းအဖွဲ့ သုံးဖွဲ့ကို လက်နက်စွန့်စရာ မလိုဘဲ ငြိမ်းချမ်းရေးတက်ခွင့်ပေးမည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုသို့ ပြောဆိုခဲ့ပြီးနောက် သြဂုတ်လ ၉ ရက်နေ့တွင် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီမှု တစ်စုံတရာ မရရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly