NCA ရေးထိုးထားသာ တိုင်းရင်းသားအဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သုံးသပ် ဆွေးနွေးနေ

NCA ရေးထိုးထားသာ တိုင်းရင်းသားအဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သုံးသပ် ဆွေးနွေးနေ

ချင်းမိုင်၊ သြဂုတ် ၁၀ ။  ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သုံးသပ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(EAO Pease Prosess Steering Team-EAO PPST)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၁၀ ရက်က ဆွေးနွေးပွဲ ကျင်းပနေပြီ ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့(CT)အဖွဲ့က ဆောင်ရွက်ချက်များကို EAO PPST ဦးဆောင်အဖွဲ့က ပြန်လည် သုံးသပ် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

“၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီးတော့ ဒါကျနော်တို့ ကြိုတင် ညှိနှိုင်းကြတာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြန်လည် သုံးသပ်ပြီးတော့မှ လာမည့် ၂၁ ရာစုပင်လုံ ညီလာခံမှာ ဘယ်လိုမျိုးပြင်ဆင်မှုတွေနဲ့ ဘယ်လို ဆက်လုပ်ကြမလဲ။ အဓိက ဒါတွေ ဆွေးနွေးတာဖြစ်ပါတယ်”ဟု သူက သတင်းထောက်များကို ပြောသည်။

CT အဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ဆွေးနွေးချက်များကို EAO PPST အဖွဲ့က ပြန်လည် သုံးသပ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ဆွေးနွေးမှုများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ
အားလုံးအတွက် အရေးကြီးကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ဒီအချိန်ကာလမှာကတော့ ဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေအားလုံးက အားလုံးအတွက် အရေးကြီးနေပါတယ်။ ကျနော်တို့ကတော့ ထိထိမိမိ၊ အထူးအားဖြင့် ၂၁ ပင်လုံ ညီလာခံမှာ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်မျှမျှတတ ဖြစ်ပြီးတော့မှ အကျိုးရလဒ်ထွက်နိုင်ရေးကို ရှေးရှုတာပါ”ဟု သူက ပြောသည်။

EAO-PPST တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဥက္ကဌ ဗိုလ်ချုပ်မူထူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့အား ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည်။ အဓိကအားဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ဦးဆောင်နိုင်ရန်အတွက် ပြီးခဲ့သည့် မတ်လကုန်ပိုင်း ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

EAO-PPST အဖွဲ့၏ အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော KNU,RCSS, DKBA, KNLA-PC ,PNLO, CNF,ALP,ABSDF တို့မှ ကိုယ်စားလှယ်များ ၁၀ ဦးကျော် တက်ရောက်ဆွေးနွေးနေပြီး သြဂုတ်လ ၁၁ ရက်ထိ ကျင်းပမည် ဖြစ်သည်။

လာမည့် သြဂုတ်လ ၃၁ ရက်တွင် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နေပြီ ဖြစ်သည်။ ယင်းညီလာခံသို့ တက်ရောက်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကလည်း ပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် ပြင်ဆင်သုံးသပ်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုကို CT နှင့် DPN အဖွဲ့များက သြဂုတ်လ ၉ ရက်မှ ၁၀ ရက်အထိ တွေ့ဆုံဆွေးနွေးနေသလို၊ သြဂုတ်လ ၈ ရက်မှ ၁၀ ရက်အတွင်း SSR/DDR ခေါ် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags