ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှင့် မြန်မာ

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှင့် မြန်မာ

မြန်မာနိုင်ငံသည် အာရှဒေသ၏ အဆင်းရဲဆုံးသော နိုင်ငံများထဲတွင် ပါဝင်နေပြီး ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်၏ လူသားဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာတွင် ဖော်ပြထားသော   နိုင်ငံပေါင်း ၁၈၆ နိုင်ငံ အနက် အဆင့် ၁၄၉ တွင် ရှိတည်ခဲ့သည်။

၂၀၁၁ ခုနှစ်က ယင်း၏ ဂျီဒီပီ သည် ကန်ဒေါ်လာ ၅၅ ဘီလီယံ ရှိပြီး ပျမ်းမျှ တစ်ဦးချင်း ဝင်ငွေ ၉၁၆ ဒေါ်လာ ရှိကာ ယင်း၏ နှစ်စဉ် ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၀ ခုနှစ်က လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ဂျီဒီပီ ၏ ၃၆ ရာခိုင်နှုန်း ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းက ၃၈ ရာခိုင်နှုန်း၊ စက်မှု နှင့် ကုန်ထုတ်လုပ်ငန်းကဏ္ဍက ၂၆ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရှိနေခဲ့သည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ( မွေးမြူရေးနှင့် ရေလုပ်ငန်းအပါအဝင်) သည် နိုင်ငံစီးပွားရေး၏ ကျောရိုးဟု ယူဆနိုင်ပြီး ၇၀ ရာခိုင်နှုန်းသော လုပ်သားထုမှာ လယ်ယာလုပ်ငန်းထဲတွင် ရှိနေခြင်း သို့မဟုတ် ဝင်ငွေရရှိမှုအတွက် လယ်ယာလုပ်ငန်းများပေါ်တွင် အတိုင်းအတာ တော်တော်များများ မှီခို အားပြုနေကြရသည်။ ဆန်စပါးသည် နိုင်ငံတွင် အရေးကြီးဆုံးသော သီးနှံဖြစ်ပြီး အသားတင် စိုက်ပျိုးမြေဧရိယာအားလုံး၏ ၆၀ ရာခိုင်နှုန်းရှိကာ စိုက်ပျိုးရေးးကဏ္ဍထုတ်လုပ်မှုတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းရှိနေသည်။

စိုက်ပျိုးရေး ကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာများစွာ မြင်တွေ့နေရသော်လည်း သုတေသနပိုင်း၊ လုပ်ငန်းတိုးချဲ့မှု၊ နည်းပညာ လွှဲပြောင်းလက်ခံရရှိမှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု၊ဈေးကွက် စသည့်တို့တွင် လုံလောက်သည့် ရင်းနှီးမြုှပ်နှံမှု မရှိခြင်းတို့ကြောင့်  စိုက်ပျိုးရေးကဏ္ဍသည် တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘဲဖြစ်နေခဲ့ရသည်။ ယင်းအပြင် တောင်သူများသည်လည်း ၎င်းတို့၏ထုတ်ကုန်များအတွက် ထိုက်သင့်သည့် ဆုငွေအဖိုးအခများ ရရှိခြင်းမရှိခြင်းကြောင့် ကျေးလက်ဒေသဝင်ငွေလျော့ကျမှုကိုသာ ဦးတည်စေခဲ့သည်။

သဘာဝရင်းမြစ်ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဆင်းရဲနွမ်းပါးမှု တို့ကြားတွင် ဆက်နွယ်ပတ်သက်မှု ကြီးကြီးမားမား ရှိနေသည်။ ကျေးလက်ဒေသများမှ ဆင်းရဲနွမ်းပါးမှု ကျရောက်ခံစားနေရခြင်းက မြို့ပြဒေသများထက် သိသိသာသာ မြင့်မားနေပြီး ကျေးလက်ဒေသမှာ ကျန်းမာရေး၊ လူမှုနှင့် ပညာရေး စသည့်နယ်ပယ်များတွင်လည်း နောက်ကျ ကျန်နေရစ်လျက်ရှိသည်။

ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုတွင် လယ်ယာမြေမရှိခြင်း၊ တောင်သူများ ၂ ဧကထက်နည်းသော မြေပမာဏများကို ပိုင်ဆိုင်လုပ်ကိုင်နေရခြင်းနှင့် တိုင်းရင်းသားမျိုးနွယ်အုပ်စုများ ပါဝင်နေသည်။ ဆင်းရဲနွမ်းပါးသော တောင်သူအများစုမှာ နိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင် နေထိုင်နေကြရပြီး ယင်းဒေသတွင် မြေဆီမြေသြဇာများမှာ သဲဆန်ခြင်း၊ မိုးရေချိန် နည်းပါးခြင်း နှင့် လူနေမှု ထူထပ်မှု မြင့်မားခြင်းတို့ ကြုံတွေ့နေရသည်။

ဝေးလံခေါင်းပါးသော အရပ်ဒေသများရှိ တိုင်းရင်းသားအုပ်စုများမှာလည်း ထွန်ယက်စိုက်ပျိုးနိုင်သော မြေနေရာရှားပါးခြင်းနှင့် ပဋိပက္ခများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။

ကျေးလက်နေ အမျိုးသမီးထုမှာလည်း နိုင်ငံတွင် သီးခြားရပ်တည်နေရသော အုပ်စုများထဲတွင် ပါဝင်နေပြီး အစားအစာ ဖူလုံခြင်းမရှိမှုနှင့် ဆင်းရဲနွမ်းပါးခြင်း ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

Source IFAD/ UNDP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly