ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်လေးတွေကို အခမဲ့ ပညာသင်ကြားပေးနေတဲ့ ဒလမြို့က ဘုန်းကြီးကျောင်းတစ်ခု

ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်လေးတွေကို အခမဲ့ ပညာသင်ကြားပေးနေတဲ့ ဒလမြို့က ဘုန်းကြီးကျောင်းတစ်ခု

ရန်ကုန်မြစ်ကို ဖြတ်ကူးလိုက်သည်နှင့် ရန်ကုန်တောင်ဘက်ခြမ်း ဒလမြို့ကို ရောက်ရှိလိမ့်မည်ဖြစ်သည်။ ဆင်းရဲနွမ်းပါးပြီး မပြည့်စုံသည့် မိသားစုအများအပြား နေထိုင်ရာ မြို့လေးလဲ ဖြစ်သည်။ အဘက်ဘက်က လိုအပ်ချက်တွေရှိနေသည့် မြို့ငယ်လေးထဲမှာ ထူးထူးခြားခြား ထင်ပေါ်နေသည့် အရာတစ်ခုလည်းရှိသည်။ အဲဒါကတော့ အလယ်ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးပဲဖြစ်သည်။

ဒီကျောင်းကတော့ ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်အများစုကို သင်ကြားပေးနေတယ်လို့ လူသိများသည်။ လှေနှင့် ဆယ်မိနစ်လောက်သွားလျင် ရောက်နိုင်သည့် ယင်းဘုန်းတော်ကြီးကျောင်းမှာ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး ၂၀၀၈ခုနှစ် လောက်ကတည်းက စတင်ပြီးကလေးငယ်လေးများကို သင်ကြားပေးနေခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဗုဒ္ဓဘာသာဝင်တွေနှင့် မွတ်ဆလင် နှစ်ဘက်အသိုင်းအဝိုင်းကြားတွင် တင်းမာမှုများ ပေါ်ပေါက် ထားခဲ့သော်လည်း ကျောင်းကတော့ မွတ်ဆလင်ဘာသာဝင်များကိုရော အခြားဘာသာ ယုံကြည် သက်ဝင်သူတွေအားလုံးကို လက်ခံသင်ကြားပေးရန် ဆုံးဖြတ်ခဲ့သည်။

“ဘုန်းဘုန်းတို့ကတော့ ကလေးတွေရဲ့ ကိုးကွယ်ရာ ဘာသာနဲ့ပတ်သက်ပြီး ခွဲခြားခြင်းမရှိပါဘူး၊ မူဆလင် ဘာသာဝင်ဖြစ်လဲ ဘုန်းဘုန်းတို့ လက်ခံပါတယ်” ဟု ကျောင်းထိုင်ဆရာတော် ဦးအိန္ဒြကသာရဘိဝံသ က မိန့်သည်။

“သူတို့လေးတွေမှာ ထူးခြားတဲ့အပြုအမှုတစ်ချို့ ရှိတယ်ဆိုလည်း ကိစ္စမရှိပါဘူး၊ သူတို့အနေနဲ့ ဘုရားရှိခိုးရင် ဝင်ရှိခိုးစရာမလိုပါဘူး၊ ကျောင်းက သင်ပေးတဲ့ အတန်းတွေမှာ တက်ရုံပါပဲ” ဆိုပြီး ဆရာတော်က မိန့်ကြားသည်။

ကျောင်းဝင်းတစ်ခုလုံးတွင် သူငယ်တန်းမှ ခုနစ်တန်းထိ ကျောင်းသား ၆၅၀ အထိ လက်ခံ သင်ကြား ပေးနေလျက်ရှိပြီး ၎င်းတို့ထဲတွင် မွတ်ဆလင်ကျောင်းသား ၁၅ဦးအပါအဝင်ဟိန္ဒူဘာသာဝင်များလည်း ပါဝင်သည်။

ကျောင်းတွင် တက်ရောက်သင်ကြားနေသော ကလေးများအားလုံးမှာ ဒေသခံကလေးများသာမကဘဲ ရှမ်းပြည်နယ်ကဲ့သို့ အခြားနေရာဌာနအသီးသီးမှပင် လာရောက်သင်ကြားနေသူများ ရှိနေသည်ဟု ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ဘုန်းကြီးကျောင်းဆောင်ရှေ့တွင် ဝင်းကို နှစ်ပိုင်းခွဲထားပြီး အတန်းငယ်သော ကလေးများအတွက် မြေစိုက်တဲတစ်လုံး၊ အတန်းကြီးကျောင်းသားများအတွက် ကျောင်းဆောင်တစ်ခု ထားရှိပေးထားသည်။

ပုံမှန်နေ့များတွင် ကျောင်းသည် နံနက် ၁၀ နာရီခွဲတွင် စတင်တက်ရောက်ရသည်။ ဆရာ၊ဆရာမများနှင့် ကျောင်းသားများမှာ ဘုန်းကြီးကျောင်းဒုတိယထပ်တွင် စုဝေးရပြီး နေ့လည်ခင်းတွ်င ပုံမှန်အတန်းများ စတင် သင်ကြားသည်။

“အင်္ဂလိပ်စာက အရမ်းအရေးကြီးပါတယ်၊ ကလေးတွေကို အင်္ဂလိပ်ကောင်း ကြိုးစားသင်ယူကြဖို့ တိုက်တွန်း ပေးနေပါတယ်၊ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်မှ တစ်ခြားနိုင်ငံက လူတွေနဲ့ စကားပြောဆိုလို့ ရမှာပါ” ဟု ဆရာတော်က မိန့်သည်။

စာသင်ခန်းများတွင် ဦးဇင်းများ၏ တာဝန်မှာ ကြီးကြပ် ကြပ်မတ်ပေးသူများသာ ဖြစ်ပြီး သင်ကြားရေးပိုင်းတွင် ဝင်ရောက် ပါဝင်ခြင်းမရှိပေ။ ကျောင်းသားများ ပြဿနာတစ်ချို့ကြုံတွေ့သည့်အချိန် သို့မဟုတ် အမှားအယွင်း ပြုလုပ်ချိန်တွင်မှ ဝင်ပါလေ့ရှိသည်။

 ကလေးများကို သင်ကြားပေးရန် ဆရာ၊ဆရာမများကို ဘုန်းကြီးကျောင်းက ငှားရမ်းခေါ်ယူထားပေးသည်။ အများစုမှာ ကောလိပ်ဘွဲ့ရများဖြစ်ကြပြီး တစ်ချို့မှာလည်း အဆင့်မြင့်ပညာဘွဲ့လက်မှတ်မရရှိသေးသော်လည်း ဝင်ကူသင်ပေးနေမှုများရှိနေသည်ဟု သိရသည်။

သို့သော် ငွေကြေးပိုင်း အကန့်အသတ်ဖြင့်သာလုပ်ဆောင်နေရခြင်းကြောင့် ဆရာ၊ဆရာမများမှာ လစာ ကောင်းကောင်းမရရှိကြဟု ဆရာတော်က မိန့်ကြားသွားသည်။

“ဆရာတွေဆရာမတွေရဲ့လစာက တစ်လကို ၅၀,၀၀၀ ပဲရတာပါ၊ ဘုန်းဘုန်းကတော့ အဲဒီထက်နှစ်ဆ တိုးပေးချင်တာပေါ့၊ ဒါပေမယ့် ပေးစရာ ငွေကလုံလုံလောက်လောက် မရှိဘူးလေ” ဟု ဆရာတော်က မိန့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly