နည်းပြ ရာနီရေရီကို လက်စတာအသင်း လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

နည်းပြ ရာနီရေရီကို လက်စတာအသင်း လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

သြဂုန် ၁၀၊ အင်္ဂလန် ။          ။ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းသည် နည်းပြ ရာနီရေရီကို လေးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ စာချုပ်သစ်အရ ရာနီရေရီသည် ၂၀၂၀ ခုနှစ်အထိ လက်စတာနည်းပြအဖြစ် ဆက်ရှိနေတော့မည် ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုနိုင်သည့်အတွက် ပျော်ရွှင်ကြောင်းနှင့် အသင်း၏အနာဂတ်တွင် အချိန်ကြာမြင့်စွာ ပူးပေါင်းပါဝင်လိုကြောင်း ရာနီရေရီက ပြောသည်။

‘လက်စတာအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရလို့ တကယ်ကို ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်တို့ စိတ်ဓာတ်အင်အားကောင်းကောင်းနဲ့   ပြင်းပြင်းထန်ထန် အလုပ်ကြီးစားခဲ့လို့ မယုံကြည်နိုင်တဲ့ အောင်မြင်မှုမျိုးရခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ စိတ်ရောကိုယ်ပါ နှစ်မြှပ်ပြီး အဲ့ဒီလိုပဲ အလုပ်ကို ကြိုးစားလုပ်မယ်ဆိုရင် ကျွန်တော်တို့ အတူတကွ နောက်ထပ်အောင်မြင်မှုတွေကို ရနိုင်တယ်လို့ သေချာပေါက် ပြောရဲပါတယ်’ ဟု ရာနီရေရီက ပြောဆိုခဲ့သည်။

အသက် ၆၄ နှစ်အရွယ်ရှိ ရာနီရေရီက လက်စတာအသင်းတွင်သာ သူ၏နည်းပြဘဝကို ကုန်ဆုံးလိုကြောင်း ပြောဆိုခဲ့ပြီးနောက် ထိုင်းအသင်းပိုင်ရှင်များဘက်က ကာလရှည်စာချုပ်ချုပ်ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ရာနီရေရီသည် ပြီးခဲ့သည့် ၁၃ လက လက်စတာနည်းပြရာထူးကို ရယူခဲ့ပြီးနောက် သံသယများဖြင့် စောင့်ကြည့်ခံခဲ့ရသူဖြစ်သည်။ လက်စတာအသင်း ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲနိုင်ခြေမှာလည်း ၅၀၀၀ လေး ၁ လေး လောင်းကြေးပေါက်ခဲ့သည်။

သို့သော် ရာနီရေရီက လက်စတာအသင်းရဲ့ ၁၃၂ နှစ်ကြာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly