အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို မန်စီးတီးအသင်းခေါ်ယူ

အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို မန်စီးတီးအသင်းခေါ်ယူ

သြဂုတ် ၉၊ မန်ချက်စတာ။          ။ မန်ယူအသင်းက ပေါ့ဂ်ဘာကို တရားဝင်ခေါ်ယူပြီး ၂၄ နာရီမပြည့်မီမှာပင် မန်စီးတီးအသင်းကလည်း အဲဗာတန်အသင်းမှ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား ဂျွန်စတုန်းကို ခေါ်ယူလိုက်ပြီဖြစ်သည်။

မန်စီးတီးအသင်းသည် ဂျွန်စတုန်းအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ပေးချေခဲ့ရပြီး ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။ စတုန်းသည် မန်စီးတီးအသင်းတွင် ကျောနံပါတ် ၂၄ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

မန်စီးတီးအသင်းသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် ဂျွန်စတုန်းက ‘မန်စီးတီးအသင်းနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့လို့ တကယ်ကို ဝမ်းမြောက်မိပါတယ်။ အပြောင်းအရွှေ့ပြီးမြောက်သွားပြီဖြစ်လို့ ကျွန်တော့်ကစားသမားဘ၀ နောက်တစ်ဆင့်တက်ဖို့ ကြိုးစားသွားတော့မှာပါ။

မန်စီးတီးအသင်းက အလွန်ရည်မှန်းချက်ကြီးတဲ့အသင်းဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ မန်စီးတီးရဲ့ရည်မှန်းချက်တွေအောင်မြင်အောင် ကူညီဖို့ မစောင့်နိုင်တော့ပါဘူး။

အဲဗာတန်အသင်းမှာ အံ့အားသင့်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။ အဲဗာတန်အသင်းနဲ့ပရိသတ်တွေအားလုံးအတွက် အကောင်းဆုံး ဆန္ဒပြုပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်က မန်စီးတီးအသင်းသားဖြစ်သွားပြီဖြစ်လို့ မန်စီးတီးအသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ’ ဟု ပြောသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ‘သူ့ရဲ့အရည်အချင်းတွေကို ပြသဖို့ ဂျွန်စတုန်းကို ကျွန်တော်တို့ ကူညီလိုပါတယ်။ သူကစားတဲ့ ပုံစံကို ကျွန်တော်ကြိုက်ပါတယ်။ သူ့ကို အသင်းမှာ ပူးပေါင်းပါဝင်ဖို့ ကြိုဆိုပါတယ်’ ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly