ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပရေး အီးယူနှင့်အမေရိကန်တို့က ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆို

ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပရေး အီးယူနှင့်အမေရိကန်တို့က ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆို

သြဂုတ် ၉ ။            ။  ထိုင်းအာဏာပိုင်များအနေဖြင့်  နိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြန်လည်ထားရှိပေးရန် နှင့် အထွေထွေ ရွေးကောက်ပွဲများ အမြန်ဆုံး ပြန်လည်ကျင်းပပေးသင့်နေပြီဖြစ်ကြောင်း ဥရောပ သမဂ္ဂ နှင့် အမေရိကန် နိုင်ငံတို့က တိုက်တွန်းပြောကြားသွားသည်။

ယင်း နိုင်ငံတွင်  ရွေးကောက်ခံ အရပ်သားအစိုးရသစ်တစ်ရပ် အမြန်ဆုံး ပေါ်ထွက်ရေးအတွက် ရွေးကောက်ပွဲများအား ကျင်းပပေးနိုင်ရန် ထိုင်းအစိုးရအား တိုက်တွန်းပြောကြားလိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ အဲလီဇဘက် ထရူဒီက ပြောသည်။

အလားတူ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဆန္ဒခံယူပွဲအကြိုကာလများအတွင်းက နိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ပိတ်ပင်ထားမှုအပေါ် ဘရက်ဆဲလ်ရှိ အီးယူအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဝေဖန်ပြစ်တင်စာ တစ်စောင်ထုတ်ပြန်သွားခဲ့သည်။

" လက်ရှိ ကျင့်သုံးနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ စုဝေးခွင့်တွေအပေါ် ပိတ်ပင်ထားချက်တွေကို ပြန်လည်ရုတ်သိမ်းဖို့ လိုအပ်ပါတယ်" ဟု အီးယူ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ထိုင်းအာဏာပိုင်များအနေဖြင့်လည်း အထွေထွေ ရွေးကောက်ပွဲများ စောလျင်စွာ ကျင်းပနိုင်ရန်အတွက် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ အခြေအနေများကို ဖန်တီးရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ထိုကဲ့သို့ နိုင်ငံတကာ၏ တောင်းဆိုချက်များထွက်ပေါ်လာခဲ့သော်လည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကမူ ၎င်းတို့ နိုင်ငံ၏ ရွေးကောက်ပွဲများကို လာမည့် ၂၀၁၇ ခုနှစ်တွင်သာ ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly