အာရှနှင့် ဥရောပ သံအမတ်ကြီးများ ပြောတဲ့ မြန်မာနိုင်ငံအတွက် ဆင်းရဲတွင်းမှ လွတ်ကင်းနည်းများ

အာရှနှင့် ဥရောပ သံအမတ်ကြီးများ ပြောတဲ့ မြန်မာနိုင်ငံအတွက် ဆင်းရဲတွင်းမှ လွတ်ကင်းနည်းများ

ပြီးခဲ့သည့် လအနည်းငယ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စိုက်ပျိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးကို ရှေးရှုသော ၎င်းင်းတို့၏ မူဝါဒများနှင့်  စသည့်ကိစ္စရပ်များ အပါအဝင် အာရှနှင့် ဥရောပ သံအမတ်ကြီးများ၏ အမြင်သဘောထားများအပြင် ဆင်းရဲနွမ်းပါးသည့် နိုင်ငံတစ်နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မည့် အကြံပြုချက်များကို အင်တာဗျူး မေးမြန်းခဲ့သည်။

ဤမေးမြန်းမှုတွင် ဗြိတိန်သံအမတ်ကြီး၊ သြစတြေးလျသံအမတ်ကြီး၊ ကနေဒါသံအမတ်ကြီး၊ ဂျပန်သံအမတ်ကြီး၊ ဥရောပသမဂ္ဂသံအမတ်ကြီး၊ ဂျာမနီသံအမတ်ကြီး၊ အစ္စရေးသံအမတ်ကြီး၊ စင်ကာပူသံအမတ်ကြီး၊ နော်ဝေသံအမတ်ကြီး၊ ရုရှသံအမတ်ကြီး တို့ဖြေဆိုပေးခဲ့ကြသည်။

ထိုအထဲမှာ အထူးကောက်နုတ်ချက်များကို ရွေးထုတ် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ဗြိတိန်သံအမတ်ကြီး Mr Andrew Patrick

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာက ဒီနိုင်ငံအတွက် ကျွန်တော်တို့ရဲ့ အကူအညီ အထောက်အပံ့တွေ အမြောက်အမြားကို လမ်းခင်းပေးတာပါပဲ။ ဒါကြောင့် ခုဆို ကျွန်တော်တို့ နိုင်ငံက မြန်မာနိုင်ငံကို ထောက်ပံ့လှူဒါန်းမှုမှာ ဒုတိယအများဆုံးနိုင်ငံ ဖြစ်ခဲ့ပါပြီ။ မြင်သာတာကတော့ ဂျပန်နိုင်ငံက အများဆုံး လှူဒါန်းထောက်ပံ့တဲ့ နိုင်ငံဖြစ်ပေမယ့် ကျွန်တော်တို့ နိုင်ငံကလည်း ဒုတိယ လိုက်နေတဲ့ နိုင်ငံပါ။ ငွေလဲလှယ် နှုန်းထားအရ ကျွန်တော်တို့မှာ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၁၄၀ နီးပါးရှိထားပါတယ်။

ဒါကို နယ်ပယ် တော်တော်များများမှာ လှူဒါန်းသုံးစွဲပါတယ်။ ဒါတွေကတော့ ကျန်းမာရေး ကဏ္ဍမှာ အများအပြားသုံးစွဲတယ်။ 3MDG ရန်ပုံငွေ တည်ထောင်ပြီး ကျွန်တော်တို့ လုပ်နေတာဖြစ်တယ်။ ကလေးမီးဖွားစဉ် မိခင်သေဆုံးမှုနှုန်း လျှော့ချနိုင်ရေးမှာ ကျွန်တော်တို့ အကူအညီ ပေးနေတယ်။ တီဘီရောဂါ၊ အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်စ်ရောဂါတွေ ကိုင်တွယ်ဖြေရှင်းရေးမှာ ကျွန်တော်တို့ ကူညီနေပါတယ်။ ကျေးလက် တောနယ်ဒေသတွေကို အဓိကထား ထားတယ်။ ဆရာဝန် တစ်ဦးတစ်ယောက်မှ မရှိ အရပ်ဝမ်းဆွဲသည်သာရှိတဲ့ တကယ်ခေါင်တဲ့ ဒေသတွေအတွက် ကူညီပေးနေတာပါ။

နောက်ထပ် ကျွန်တော်တို့ရဲ့ ကူညီမှု ကြီးကြီးမားမား နယ်ပယ်ကတော့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးပဲဖြစ်ပါတယ်။ ကျေးလက်ဒေသက တောင်သူလယ်သမားတွေ ဘဝတိုးတက်ရေး နဲ့ လယ်မြေ ထွန်ယက်စိုက်ပျိုးရေးတွေမှာ ကူညီပေးနေပါတယ်။ စိုက်ပျိုးရေးကဏ္ဍ အကူအညီကို ကျွန်တော်တို့တွေ တကယ်ကြီးကြီးမားမား စီမံကိန်းလည်း ချမှတ်ထားပါတယ်။ ဒီပြင် ပညာရေး ကဏ္ဍအတွက်လည်း အစီအစဉ်တစ်ချို့ ရှိထားပါတယ်။ နိုင်ငံတွင်းက ဆရာ အတတ်သင်ကျောင်း အားလုံးနီးပါးမှာ အင်္ဂလိပ်စကားပြောသင် ဆရာနှစ်ဦး ထားရှိ ပေးထားပါတယ်။ ဒါက အလွန်အရေးကြီးတဲ့ စီမံကိန်းပါ။ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးမှာလည်း ကျွန်တော်တို့တွေမှာ အစီအစဉ်တွေ ရှိထားပါတယ်။ အနာဂတ်မှာ ပိုပြီးကြီးမား ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။

သြစတြေးလျသံအမတ်ကြီး Nicholas Coppel

ကျွန်တော်တို့က လူသားချင်း စာနာထောက်ထားရေး အစီအစဉ် ထားရှိပါတယ်။ ဒါက ပဋိပက္ခ ဒေသတွေနဲ့ သဘာဝဘေး သင့်ရာဒေသတွေက ပြည်သူတွေကို အကူအညီ အထောက်အပံ့တွေ ပေးဖို့ပါ။ ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်စခန်းများမှာ နေထိုင်ရသူတွေ၊ ထိုင်းနယ်စပ်က ဒုက္ခသည် စခန်းတွေကို စတာတွေကို ပစ်မှတ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ လူသားချင်း စာနာထောက်ထားရေး အစီအစဉ်အရ အကူအညီပေး ထောက်ပံ့မှုတွေ လုပ်ဆောင်တာကို ဥပမာပြရရင် မနှစ်က ရေကြီးတုန်းက ကူညီထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

ကနေဒါသံအမတ်ကြီး Mark McDowell

စိုက်ပျိုးရေးကဏ္ဍက အဓိကပါ။ အခွင့်အလမ်းတွေ များစွာရှိတဲ့ ကဏ္ဍလည်းဖြစ်တယ်။ ဒီကဏ္ဍက ကနေဒါနိုင်ငံရဲ့ အကူအညီပေးရာ နောက်ထပ် ကဏ္ဍတစ်ရပ်လည်းဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း လိုအပ်နေတာပါ။ ကနေဒါနိုင်ငံက စိုက်ပျိုးရေးထွန်းကားတဲ့ နယ်မြေနိုင်ငံဖြစ်ပြီး မြန်မာမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ ပဲမျိုးက ကနေဒါမှာလည်း စိုက်ပျိုးဖြစ်ထွန်းတယ်။ ဒီနှစ်နိုင်ငံမှာ ဘုံတူညီမှုတစ်ချို့တစ်လေ လာရှိနေတာ ဘာကြောင့် မတွေးနိုင်ပေမယ့် ဒါက တကယ်ပဲ ရှိနေတာဖြစ်တယ်။ ကနေဒါနည်းပညာ၊ ကနေဒါရဲ့ အကူအညီ၊ ကနေဒါရဲ့ဖြန့်ဝေမှုတွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။

ဂျပန်သံအမတ်ကြီး Tateshi Higuchi

ကျွန်တော်တို့ အရေးကြီးတဲ့ ပိုင်းဖြတ်ထားတာက ကျေးလက်ဒေသတွေမှာ နေထိုင်နေတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ အများစုကလည်း စိုက်ပျိုးရေးမှာ လုပ်ကိုင်နေကြတာကိုပါ။ ဒီပြည်သူတွေ နေထိုင်မှုဘဝမြှင့်တင်ရေးက အလွန်အရေးကြီးတယ်လို့ ခံစားရပါတယ်။ ဒီပြည်သူတွေအတွက် လူမှုအခြေခံအဆောက်အအုံတွေ မြှင့်တင်ပေးရမှာဖြစ်တယ်။

ကျေးလက် ဒေသအကြောင်း ပြောဆိုကြတဲ့အခါ ကျွန်တော်တို့ နားလည်ရတာက ကျေးလက် ဒေသနေ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၈၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးရေး လုပ်ကိုင်ကြတာပါ။ လယ်အလုပ်လုပ်နေသူ တော်တော်များများက လယ်မြေမပိုင်ကြပါဘူး။ လယ်ပိုင်ရှင်တွေအတွက် လုပ်နေရတာပါ။ စိုက်ပျိုးရေး ပစ္စည်းတွေလည်း မရှိကြဘူး။ လယ်စိုက်ခအပေါ်မှာပဲ မှီခိုနေကြရာတာ စိုက်ပျိုးစရိတ်ရဖို့အတွက် အတိုးများများနဲ့လည်း ချေးငှားနေကြရတယ်။ သီးနှံထွက်ရင် ချေးထားတာကို ပြန်ဆပ်၊ နောက်ထပ် ထပ်ချေးနဲ့ သံသယာ လည်နေကြရတယ်။ အတိုးနည်းနည်းနဲ့ ချေးငွေတွေ ချထားပေးဖို့ အလွန် အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ ဂျပန်နိုင်ငံအနေနဲ့ ဒီကိစ္စကို ဆောင်ရွက်ပေးလိုတယ်။ မြန်မာပြည်သူတွေနဲ့ ကျေးလက်ဒေသက လယ်လုပ်သူတွေအတွက် ကူညီပေးလိုပါတယ်။

ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia

ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေး သဘောထားရှိတယ်။ အခြေခံ လွတ်လပ်ခွင့်တွေ တိုးမြင့်ရရှိအောင်၊ ဆင်းရဲမှု လျော့ပါးအောင်၊ အခြေခံ လူမှုဝန်ဆောင်မှုတွေ၊ ကျန်းမာရေး၊ ပညာရေး စတာတွေ ကောင်းမွန်နေအောင် လက်တွေ့ လုပ်ဆောင်နေကြတာကို ကျွန်တော်တို့ တွေ့မြင်လိုပါတယ်။

ဂျာမနီသံအမတ်ကြီး Christian-Ludwig Weber-Lortsch

မြန်မာနိုင်ငံအနေနဲ့က ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်ပေးသွားသင့်တယ်။ ကျွန်တော်တို့ တိုင်းပြည်က ကုမ္ပဏီတွေ ဒီရောက်ရင် ဘာတွေ ဝယ်နိုင်မလဲ ကြည့်တယ်။ ငါးနဲ့ စိုက်ပျိုးရေး ထွက်ကုန် ဒါပါပဲ။ ဒါပေမယ့် ဥရောပကို တင်ပို့နိုင်ဖို့အတွက်က အရည်အသွေးနဲ့ ကျန်းမာရေး ပိုင်းမှာ နိုင်ငံတကာစံချိန်စံညွန်း ပြည့်မီရမယ်။ ဒီအတွက် ထုတ်လုပ်မှုကစကာ ထုတ်ပိုးမှုပိုင်း၊ ပို့ဆောင်မှုပိုင်းများအထိ လုပ်ဆောင်သွားရပါမယ်။ စူပါမားကတ်တွေ သွားတဲ့အခါတိုင်း တော်တော်လေး စိတ်မကောင်းဝမ်းနည်းရတယ်။

ဒီတိုင်းပြည်အတွင်းမှာတင် ထုတ်လုပ်နိုင်တဲ့ ဥပမာ ငရုတ်သီးလိုမျိုးပေါ့။ ဒါကို အခြားနိုင်ငံက တင်သွင်းထားတဲ့ ဟာတွေ တင်ထားရောင်းချနေတယ်။ ဒီမှာလည်း လုပ်နိုင်ရက်သားနဲ့။ နိုင်ငံရဲ့ အရွယ်အစားနဲ့ နည်းပါးတဲ့လူဦးရေကို ယှဉ်လိုက်ရင် စားနိုင်တာထက် ပိုမို ထုတ်လုပ် နိုင်စွမ်းရှိနေတာပဲ။ ဆိုလိုတာ ပြည်ပ အိမ်နီးချင်းနိုင်ငံတွေကိုတောင် ရောင်းချနိုင်တဲ့အထိ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ နောက်တစ်ခုက သဘာဝရင်းမြစ်ပါ။ ဒါကို ကောင်းကောင်း အသုံးချသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။

အစ္စရေးသံအမတ်ကြီး Daniel Zohar Zonshine

အစ္စရေးနိုင်ငံမှာ မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ စိုက်ပျိုးရေးအတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က ခြောက်သွေ့ဒေသနဲ့ မိုးနည်းရပ်ဝန်းဒေသမှာ နေထိုင်နေကြတာဖြစ်တယ်။ အစ္စရေးကို ခြောက်သွေ့ဇုန်ကြီးတစ်ရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ကျွန်တော်တို့က ရေနည်းပါးတာကို ကျော်လွှားပြီး စိုက်ပျိုးရေးအတွက် မကောင်းမွန်တဲ့ နယ်မြေဒေသ အနေအထားမှာ နည်းပညာနဲ့ နည်းစနစ်တွေ စိုက်ပျိုးရေး ဖြစ်ထွန်းနေတာပါ။ တစ်ချို့နည်းပညာ နည်းစနစ်တွေက မြန်မာနိုင်ငံလို နယ်မြေကျယ်ဝန်းပြီး ရေအရင်းအမြစ်လည်း ပေါကြွယ်ဝတဲ့ နိုင်ငံမျိုးနဲ့လည်း ကိုက်ညီမှုရှိတဲ့ စိုက်ပျိုးရေးနည်းပညာတွေ ရှိပါတယ်။ အဆုံးတစ်နေ့မှာ ရေကို အဖိုးတန်ပစ္စည်းလို တန်ဖိုးထားလာရလိမ့်မယ်။ ရေနည်းပါးလာတာ ဒါမှမဟုတ် လက်ရှိအယ်နီညိုလို ကြုံတွေ့ရချိန်တွေမှာ ရေကို တစ်ခြားနည်းလမ်းနဲ့ ရှာရပြီး ချွေတာရကာ ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းနဲ့ သုံးရပါလိမ့်မယ်။

စိုက်ပျိုးရေးကဏ္ဍအတွက် ကျွန်တော်တို့က အစိုးရရော ပုဂ္ဂလိကပါ ပူးပေါင်းဆောင်ရွက် နေတာဖြစ်တယ်။ အစိုးရကဏ္ဍအရဆို မြန်မာက စိုက်ပျိုးရေး ကျောင်းသားတွေကို အစ္စရေးမှာ လေ့လာ သင်ယူဖို့နဲ့ အလုပ်လုပ်ဖို့ ကျွန်တော်တို့ သဘောတူထားပါတယ်။ အစ္စရေးမှာ လေ့လာစဉ် ကိုးလနေထိုင်ချိန်မှာ အလုပ်လည်း လုပ်နိုင်မှာမို့ လုပ်ငန်းခွင်အတွေ့အကြုံပါ ရပါတယ်။ မြန်မာနိုင်ငံကို ပြန်လာချိန် နည်းပညာများပါ ရသွားရုံမက အစ္စရေးလယ်သမားများရဲ့ စဉ်စားလုပ်ကိုင်ပုံတွေကိုပါ သင်ယူရရှိသွားမှာပါ။ ဒါက အရေးကြီးတယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ သစ်ပင်စိုက်ပျိုးမယ် လယ်မြေထွန်ယက်မယ်ဆိုတဲ့အပိုင်းမှာပါ။

နည်းလမ်းသစ်နဲ့ စိုက်ပျိုးရာမှာ ကြုံလာရမယ့် ပြဿနာတွေကို ကျော်လွှားနိုင်တာ၊ ကျွန်တော်တို့တွေရဲ့ အရင်းအမြစ်နည်းနည်းနဲ့ အထွက်နှုန်းကောင်းကောင်း ထွက်ရှိအောင် စိုက်ပျိုးမှုတွေကို သင်ယူသွားနိုင်ပါတယ်။ ဒါက ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်း တစ်ရပ်ပါပဲ။ စိုက်ပျိုးရေး ကျောင်းသားတွေ အစ္စရေးကို သွားရောက်လေ့လာ လုပ်ကိုင်တယ်ဆိုတာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ပါပဲ။ လက်ရှိမှာ မြန်မာကျောင်းသား ၂၆၅ ဦး အစ္စရေးကို ရောက်နေပါတယ်။ ကျွန်တော့်အထင် ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း မြန်မာကျောင်းသား ၂၀၀၀ ကျော်ထက်မနည်း အစ္စရေးမှာ ပညာဆည်းပူး အတွေ့အကြုံတွေ သင်ယူနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

မြန်မာနိုင်ငံပြန်ရောက်ရင် သူတို့အားလုံး စိုက်ပျိုးရေးနယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်ကြတာ မဟုတ်ပေမယ့်လည်း စိုက်ပျိုးရေးအကြောင်း တတ်သိနားလည်သူတွေကို ရထားလိုက်တာပဲ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက အစိုးရရဲ့ ဦးဆောင်မှုနဲ့ စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။ အစ္စရေးကို ကျောင်းသားတွေ စေလွှတ်တာ၊ အစ္စရေးက ပညာရှင်တွေကို အချိန်ပိုင်းအားဖြင့် မြန်မာနိုင်ငံတွင်းခေါ်ယူတာ ပြီးတော့ စိုက်ပျိုးရေး နည်းပညာသစ်တွေ၊ စိတ်ကူးသစ်တွေဆီ လက်တွေ့ကျကျ ချဉ်းကပ်ကြတာပဲ ဖြစ်တယ်။

ပုဂ္ဂလိကကဏ္ဍဖက်မှာဆိုရင်လည်း ဆည်သွယ်တာ၊ ရေအရင်းအမြစ်စီမံခန့်ခွဲတာ၊ ပျိုး၊ မြေသြဇာနဲ့ အခြားနည်းလမ်းများအတွက် ကုမ္ပဏီတွေ လာရောက်လုပ်ကိုင် ဆောင်ရွက်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထုတ်ကုန်ရောင်းချဖို့အတွက်သာမဟုတ်ဘဲ ပြဿနာများ ဖြေရှင်းပေးနိုင်ဖို့အတွက်လည်း ပါပါတယ်။ ထုတ်ကုန်ထုတ်လုပ်မှု ဖြစ်စဉ် တစ်ရပ်လုံးမှာ ပြဿနာအဖြေရှာရေးဆိုတာ မရှိမဖြစ် အရေးကြီးတဲ့အရာပါ။

စင်ကာပူသံအမတ်ကြီး Robert Chua

မြန်မာ့ စိုက်ပျိုးရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်ပြီး တစ်နှစ်လောက်မှာပဲ ကျွန်တော်တော့ ပျော်ရွှင် ရပါတယ်။ အခုဆို ကျွန်တော်တို့ စူပါမားကတ်တွေမှာ မြန်မာ့သရက်သီးကို တွေ့နိုင်ပါပြီ။ လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံက နာမည်ကြီး အနံ့မွှေး ဆန်များကိုလည်း တင်ပို့ လာနိုင်တော့မယ်လို့ မျှော်လင့်တယ်။ ဧရာဝတီမြစ်ဝှမ်းဟာ အာရှရဲ့ စပါးကျည်ဖြစ်ပြီး မြန်မာ့ဆန်ကို စားရတာကို စင်ကာပူသားတွေအနေနဲ့ အသိအမှတ်ပြုလာမှာ ကြောင့်မို့ပါပဲ။ နောက်ထပ် ကျွန်တော် ပြောလိုတာ ကျွန်တော်တို့နိုင်ငံက ပို့ကုန်တွေကလည်း မြန်မာ့ စီးပွားရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါကို ဘာကြောင့် ကျွန်တော်ပြောရလည်းဆို ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုက တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးလာလို့ပါပဲ။

နော်ဝေသံအမတ်ကြီး Ann Ollestad

အင်အားပါသော တက်ကြွတဲ့ ပုဂ္ဂလိကကဏ္ဍက ရေရှည်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အခြေခံ ကြွယ်ဝမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးခြင်း၊ အခွန်ဘဏ္ဍာနဲ့ ကုန်ထုတ် အလုပ်အကိုင်တွေ ဖန်တီးတာတွေကနေ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်သွားရပါမယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက နော်ဝေနဲ့ မြန်မာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး စတင်ကတည်းက ဦးစားပေးပါ။ ဇီဝမျိုးကွဲများ၊ ကာကွယ်ရေး နယ်မြေစီမံခန့်ခွဲမှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ စွန့်ပစ်အညစ်အကြေး စတဲ့ကိစ္စရပ်တွေမှာ အစိုးရကြား လုပ်ဆောင်သွားမည့် ပူးပေါင်းစီမံကိန်းတစ်ရပ် ကျွန်မတို့မှာ ရှိထားပါတယ်။ စိုက်ပျိုးရေး ကဏ္ဍအပါအဝင် အားလုံးပါဝင်တဲ့ စီမံကိန်းတစ်ရပ်ဖြစ်တဲ့ အင်းလေးကန် ကာကွယ်စောင့်ရှောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တစ်ရပ် တည်ထောင်ဖို့ ကူညီ လုပ်ကိုင်ပေးနေတာကို ကျွန်မ အသားပေး ပြောပြလိုပါတယ်။

နော်ဝေနိုင်ငံဟာ သစ်တောပြုန်းတီးမှုနှင့် သစ်တောခုတ်ထွင်ခြင်းများမှသည် ကာဗွန် ထုတ်လုပ်မှုလျှော့ချရေးဆိုင်ရာ အမျိုးသားစီမံကိန်းတစ်ရပ် တည်ထောင်ရာမှာ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ အဓိက အလှူရှင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောနဲ့ဆိုင်တဲ့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့လည်း ပါဝင်ထောက်ပံ့နေပါတယ်။

မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မြန်မာအစိုးရနဲ့အတူ လုပ်ကိုင်လျက် ရှိနေပါတယ်။ လက်တွေ့မှာလည်း ငါးလုပ်ငန်းနဲ့ အဏ္ဏဝါကဏ္ဍတို့မှာ မြန်မာ-နော်ဝေ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ငါးလုပ်ငန်းဌာနနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဖို့ နော်ဝေငါးလုပ်ငန်းကိုယ်စားလှယ်အဖွဲ့ ဒီလထဲ မေ ၁၉ မှ ၂၉ ရက်မှာ လာရောက်ဖို့ ရှိတယ်။ ငါးအရင်းအမြစ် ပျက်စီးပြုန်းတီးမှုတွေကို ရပ်တန့်ဖို့ စီမံကိန်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ နော်ဝေသုတေသနသင်္ဘော Dr Fridtjof Nansen က မြန်မာ့ ရေပိုင်နက်မှာ တိုင်းတာမှုနှစ်ရပ် လုပ်ဆောင်ခဲ့တယ်။ သုတေသနက ငါးဖမ်းလုပ်ငန်း အကျိုးပြုရေး အတွက် ရေအရင်းအမြစ်မြေပုံရေးဆွဲဖို့ ရည်ရွယ်ပါတယ်။

နောက်ပြီး ကျေးလက်မိသားစုများ ဝင်ငွေတိုးထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက် ပေးနိုင်အောင် လုပ်ကိုင်နေတဲ့ NGO Proximity Designs ကိုလည်း ကျွန်မတို့တွေ ထောက်ပံ့   ပေးလျက်ရှိနေပါတယ်။ နောက်ပြီး နော်ဝေမြေသြဇာကုမ္ပဏီ Yara လည်း မြန်မာနိုင်ငံတွင်းမှာ စတင်ရောက်ရှိနေပါပြီ။

ရုရှသံအမတ်ကြီး Vasily Pospelov

သုတေသန နြူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ဖို့ သဘောတူညီချက် တစ်ရပ်ကို ကျွန်တော်တို့ ၂၀၀၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ Rosatom ကော်ပိုရေးရှင်းနဲ့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ဟာ အဏုမြူပညာရပ် ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒါဟာ အရမ်းအဆင့်မြင့်တဲ့ ရေရှည်စီမံကိန်း တစ်ခုဖြစ်ပြီးတော့ ဒီဒေသထဲမှာ လုပ်ငန်း အကောင်အထည် ဖော်ဖို့အတွက် နှစ်ဘက်လုံးရဲ့ အားထုတ်မှု လိုအပ်ပါတယ်။ ပြီးတော့ အရေးအကြီးဆုံးက လူ့အရင်းအမြစ်ပါ။

ဒါကြောင့် ပထမခြေလှမ်းက လူတွေကို နည်းပညာအကြောင်း၊ ဘေးကင်း လုံခြုံရေး အစီအစဉ်တွေ အကြောင်း စတာတွေကို သင်တန်း ပေးရမှာပါ။ ဒါပေမဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး ဒီဒေသမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ကြမှာပါ။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာဘက်ကလည်း တချို့ ခြေလှမ်းတွေ လှမ်းရပါလိမ့်မယ်။ နူကလီးယားဆိုင်ရာ ဘေးကင်းလုံခြုံရေး ဥပဒေကို လွှတ်တော်မှာ တလောက ဆွေးနွေးခဲ့တယ်လို့ ကျွန်တော် သိရပါတယ်။ ဒါဟာလည်း ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုပါ။

ပထမဆုံးအနေနဲ့ ဝန်ထမ်းတွေကို လေ့ကျင့် သင်ကြားပေးရပါမယ်။ ပြီးရင်တော့ နောက်ခြေလှမ်း တစ်ခုက မြန်မာဘက်က စိတ်ဝင်စားတယ်ဆိုရင် အိုက်ဆိုတုပ်(ပ်) (isotope) တွေ ထုတ်လုပ်ဖို့နဲ့ နူကလီးယား နည်းပညာအတွက် သုတေသန ဓာတ်ပေါင်းဖို တစ်ခု တည်ဆောက်ဖို့ပါ။ နူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေအတွက်တင် မကပါဘူး။ အိုက်ဆိုတုပ်(ပ်)တွေကို ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာတွေမှာလည်း အရည်အသွေး ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အသုံးပြုနိုင်ပါတယ်။ အသုံးချနိုင်မယ့် ကဏ္ဍတွေ ကျယ်ကျယ်ပြန့်ပြန် ရှိပါတယ်။

နူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေအကြောင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် လျှပ်စစ် ဓာတ်အားနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ အစီအစဉ်တွေကို ကျွန်တော်တို့ လေ့လာ သုံးသပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သဘောပေါက် နားလည်တာက မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၂၀၃၀ မှာ သုံးဆ ဒါမှမဟုတ် လေးဆ တိုးမြှင့်ဖို့ စီစဉ်ထားတာပါ။ အဲဒီရည်မှန်းချက်ဟာ ကြီးမားပြီး လွယ်ကူတဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး။

နူကလီးယား စွမ်းအင်ကဏ္ဍမှာ ကျွန်တော်တို့ရဲ့ အစိုးရပိုင် ကော်ပိုရေးရှင်း Rosatom ဟာ ကမ္ဘာမှာ နာမည်ကျော်ကြားတဲ့ အထင်ကရ ကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီးတော့၊ နူကလီးယား လျှပ်စစ်ဓာတ် အားပေး စက်ရုံတွေအတွက် အရမ်းစိတ်ချရတဲ့၊ ကောင်းမွန်တဲ့ စက်ပစ္စည်းတွေကို အသုံးပြုတာပါ။ အထူးသဖြင့် ဥတုရာသီ ကွန်ဖရင့်က တလောက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း နူကလီးယား စွမ်းအင်ဖွံ့ဖြိုးရေးကို အလေးပေးထားပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကိုလည်း ကြည့်လိုက်ပါ။

တရုတ် နိုင်ငံဟာ ဒီနည်းပညာ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နေပါတယ်။ အိန္ဒိယကလည်း ဆောင်ရွက်နေပါ တယ်။ တလောကလည်း Rosatom ဟာ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်တို့နဲ့ သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု လျှော့ချရေး လုပ်ငန်းတာဝန်ကို ကျွန်တော်တို့ ရင်ဆိုင်နေရချိန်မှာ နူကလီးယား စွမ်းအင်ဟာ ရေရှည်လမ်းကြောင်း တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းဟာ အချိန်အရမ်းကြာမှာပါ။ ကျွန်တော်တို့ ဒီနေ့ စလုပ်မယ်ဆိုရင်တောင် စက်ရုံကို ဆယ်နှစ်ကနေ ၁၂ နှစ်အတွင်း တည်ဆောက်နိုင်မှာပါ။ ဒါကြောင့်မို့ အချိန်ကြာ ပါတယ်။ စတင်ဖို့တော့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ဖို့၊ သုတေသနကိစ္စနဲ့ ဝန်ထမ်းတွေကို သင်တန်းပေးရေး ကိစ္စတွေ စတင်ဖို့ မြန်မာဘက်ကလည်း စိတ်ဝင်စားတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒီလုပ်ငန်းနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သတ်ပြီး မြန်မာဘက်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီလုပ်ငန်းဟာ အလားအလာ အရမ်းကောင်းပြီး မြန်မာနိုင်ငံရဲ့  စက်မှုနည်းပညာ အဆင့်အတန်းကိုလည်း မြှင့်တင် ပေးပါလိမ့်မယ်။ ဒါကြောင့်မို့ အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သတ်ပြီး ဒီကဏ္ဍဟာ အလားအလာ အရမ်းကောင်းတဲ့ နယ်ပယ်အဖြစ် ကျွန်တော်တို့ ယုံကြည်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly