နည်းပြ မန်စီနီ၏နေရာတွင် အေဂျက်ဇ်နည်းပြ ဖရန့်ဒီဘိုးဝါးနှင့် အင်တာမီလန် အစားထိုး

နည်းပြ မန်စီနီ၏နေရာတွင် အေဂျက်ဇ်နည်းပြ ဖရန့်ဒီဘိုးဝါးနှင့် အင်တာမီလန် အစားထိုး

သြဂုတ် ၉၊ မီလန် ။                ။ အင်တာမီလန်အသင်းသည် နည်းပြ မန်စီနီ၏နေရာတွင် အေဂျက်ဇ်အသင်းနည်းပြ ဖရန့်ဒီဘိုးဝါးနှင့် အစားထိုးလိုက်ပြီ ဖြစ်သည်။

အင်တာမီလန်အသင်းနှင့် နည်းပြမန်စီနီတို့မှာ ပြီးခဲ့သည့်တနင်္လာနေ့က နှစ်ဦးနှစ်ဘက်သဘောတူညီမှု ရယူခဲ့ပြီး လမ်းခွဲခဲ့ကြခြင်း ဖြစ်သည်။

ဖရန့်ဒီဘိုးဝါးမှာ အေဂျက်ဇ်အသင်းကို ခြောက်နှစ်ကြာကိုင်တွယ်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆု လေးကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်မေလက အေဂျက်ဇ်နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီး ယခု အင်တာနည်းပြရာထူးကို ရယူခဲ့ခြင်းဖြစ်သည်။

မီလန်မြို့ Linate လေဆိပ်ကို ရောက်ရှိလာခဲ့သည့် ဖရန့်ဒီဘိုးဝါးကို အင်တာမီလန်ပရိသတ်များက ကြိုဆိုခဲ့ကြပြီး ဒီဘိုးဝါးကလည်း ‘ဟယ်လို အင်တာမီလန်ပရိသတ်များခင်ဗျာ။ ဒီနေရာကို ရောက်ရှိလာရတဲ့အတွက် ပျော်ပါတယ်။ ခင်ဗျားတို့နဲ့ မကြာခင်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်’ ဟု ပြောဆိုထားသည့် ဗီဒီယိုဖိုင်ကို တွစ်တာတွင် ဖော်ပြခဲ့သည်။

 ‘အင်တာအသင်းနဲ့ နည်းပြမန်စီနီတို့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီဖြစ်ကြောင်း အင်တာမီလန်အသင်းက အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ရာသီဝက်အထိ အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီအဆုံးမှာ အဆင့်လေးသာရခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်သာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ လ ၂၀ မှာ အသင်းအတွက် စွမ်းဆောင်ပေးခဲ့တဲ့ မန်စီနီကို ကျေးဇူးတင်ပါတယ်’ အင်တာမီလန်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

နည်းပြမန်စီနီနှင့် အင်တာမီလန်အသင်းပိုင်ရှင်သစ် တရုတ်ကုမ္ပဏီ Suning Holdings တို့သည် အပြောင်းအရွှေ့ကိစ္စရပ်များ ညှိနှိုင်းမရသည့်အတွက် လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။ အင်တာမီလန်အသင်းမှာ ရာသီကြိုခြေစမ်းပွဲများတွင် ဘိုင်ယန်အသင်းကို ၄-၁၊ စပါးအသင်းကို ၆-၁ ရလဒ်များဖြင့် ရှုံးနိမ့်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly