ရီးယဲလ်တိုက်စစ်မှူး ဂျီစီရိုဒရီဂွက်ဇ်ကို ပီအက်စ်ဂျီအသင်းခေါ်ယူ

ရီးယဲလ်တိုက်စစ်မှူး ဂျီစီရိုဒရီဂွက်ဇ်ကို ပီအက်စ်ဂျီအသင်းခေါ်ယူ

သြဂုတ် ၉၊ ပဲရစ် ။       ။ ပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ရီးယဲလ်အသင်းမှ တိုက်စစ်မှူး ဂျီစီရိုဒရီဂွက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၁.၂ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဂျီစီရိုဒရီဂွက်ဇ်သည် ရီးယဲလ်အသင်း၏ အကယ်ဒမီမှ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၀၇ ခုနှစ်က အသင်းကြီးသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ ဂျီစီမှာ နည်းပြအမ်မရီ၏ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် ဝမ်းမြောက်လျက်ရှိနေသည်။

ဂျီစီရိုဒရီဂွက်ဇ်မှာ ပီအက်စ်ဂျီအသင်း၏ ယခုနှစ်ရာသီသစ်အတွက် ငါးယောက်မြောက် ကစားသမားခေါ်ယူမှု ဖြစ်ပြီး ကျောနံပါတ် ၂၂ ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်သည်။

‘ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ဝမ်းမြောက်မိပါတယ်။ ဒီအသင်း ဥရောပမှာ ထိပ်သီးအသင်းတစ်သင်းဖြစ်လာနေတဲ့ အသင်းပါ။ ရာသီသစ်အတွက် ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိပါတယ်။ နည်းပြအမ်မရီရဲ့ လက်အောက်မှာ ကစားရမှာကလည်း တကယ်ကို ကျေနပ်ဖို့ ကောင်းပါလိမ့်မယ်။ သူရဲ့ နည်းပြအရည်အသွေးကြောင့် ဥရောပနဲ့ စပိန်မှာ အံ့အားသင့်ဖွယ် နာမည်ဂုဏ်သတင်းကြီးသူပါ။ ကျွန်တော့်ကစားသမားဘဝရဲ့ နောက်တစ်ဆင့်ခြေလှမ်းအတွက် မစောင့်နိုင်တော့ပါဘူး’ ဟု ရိုဒရီဂွက်ဇ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly