"ပြည်သူတွေဘာဖြစ်ချင်လဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေက သိရမယ်"

"ပြည်သူတွေဘာဖြစ်ချင်လဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေက သိရမယ်"

လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် အင်တာနက်စာမျက်နှာတစ်ခုကို ရန်ကုန်အခြေစိုက်နည်းပညာ၊ ဥပဒေ၊ လူ့အခွင့်အရေး၊ သုတေသနနယ်ပယ်အသီးသီးမှ အဖွဲ့အစည်း ၈ခုက ပူးပေါင်းအကောင်အထည်ဖော်လိုက်သည်။

“ပွင့်လင်းလွှတ်တော်”ဟု အမည်ပေးထားသည့် ထိုစာမျက်နှာသည် ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း လေ့လာကြည့်ရှုသူ အများအပြားရှိနေပြီဖြစ်သည်။

Myanmar Now သတင်းထောက် အိချယ်ရီအောင်က ပွင့်လင်းလွှတ်တော်အင်တာနက်စာမျက်နှာ ဖြစ်မြောက်ရေး တာဝန်ယူဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ဦးစိုးလင်းထွဋ်နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး  - ပွင်လင်းလွှတ်တော်အွန်လိုင်းစာမျက်နှာကပညာပေးချင်တာလား ၊ အချက်အလက်ပေးချင်တာလား။

ဖြေ -  လွှတ်တော်ကိုယ်စားလှယ်နဲ့ပြည်သူတွေတိုက်ရိုက် ဆယ်သွယ်လို့ရအောင် ကျွန်တော်တို့က ပေါင်းကူးပေးတာပါ။ တိုက်ရိုက်ဆက်သွယ်လို့ရတယ်ဆို ပြည်သူတွေဘာဖြစ်ချင်လဲ ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေကသိရမယ်၊ ပြည်သူတို့ဆန္ဒနဲ့ဆုံးဖြတ်တာဖြစ်မယ်။ သူတို့တစ်ယောက်တည်းရဲ ့ဆန္ဒနဲ့ ဆုံးဖြတ်တာမဟုတ်တော့ဘူးပေါ့။ ကျွန်တော်တို့က ကြားခံဆက်သွယ်ရေးအနေနဲ့ ပေါင်းကူးပေးချင်တာ။ နောက်ပြီးအချက်အလက်ကလည်း တစ်ပြိုင်တည်းပေးသွားမှာပါ။

မေး  - ဒီအွန်လိုင်းစာမျက်နှာကြောင့် ဘယ်သူတွေအကျိုးရှိမလဲ၊ ဘယ်သူတွေထိခိုက်နစ်နာနိုင်ပါသလဲ။

ဖြေ -  သာမန်ပြည်သူတွေကိုအကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆိုင်တဲ့အချက်တွေကိုလည်းနောက်တစ်ဆင့်မှာအများကြီးထည့်သွင်းဖို့ရှိပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် သုတေသနလုပ်ချင်တာပဲဖြစ်ဖြစ်၊ စနစ်တကျသတင်းအချက်အလက်တွေ ယူချင်တဲ့ပညာရှင်တွေပဲဖြစ်ဖြစ်၊ ဂျာနယ်လစ်တွေပဲဖြစ်ဖြစ် ဒီဆိုက်ကနေ အလွယ်တကူ အချက်အလက်တွေ ရယူနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဆိုးကျိုးအနေနဲ့ကတော့ အများကြီးဖြစ်မယ်လို့မထင်ပါဘူး။ အဓိကဖြစ်နိုင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဆက်သွယ်လို့ရတဲ့ နည်းလမ်းတွေက အလွယ်တကူရှိနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကိုကောင်းတာမဟုတ်တဲ့ရည်ရွယ်ချက် တစ်မျိုးမျိုးနဲ့နှောင့်ယှက်ချဉ်းကပ်တာတွေကိုတော့ အလွယ်တကူလုပ်လို့ရမယ်လို့တော့ထင်ပါတယ်။

နှစ်ဖက်လုံးကပွင့်ပွင့်လင်းလင်းဆက်သွယ်လို့ရတယ်ဆိုတာကိုသိကြတဲ့အခါ တစ်ဖက်နဲ့တစ်ဖက်ပြန်ပြီးတော့ တာဝန်ယူမှုလေးရှိသွားအောင် အဲဒီလိုစိတ်ဓာတ်လေးတွေဖြစ်ဖို့အတွက်လည်းကျွန်တော်တို့ကရည်ရွယ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ထိန်းကျောင်းမှုကလည်းအလိုလိုနေရင်း ဖြစ်သွားမယ်လို့မျှော်လင့်ပါတယ်။

မေး - ဒီဝက်ဆိုက်ကိုလွှတ်တော်ကိုယ်စားလှယ်တွေ စိတ်ဝင်စားအောင် ဘာတွေလုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ - လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်တော်တို့ဝက်ဆိုက်ကိုစိတ်ဝင်စားမှုရှိပြီးပူးပေါင်းပါဝင်လာအောင် ကျွန်တော်တို့ဝက်ဆိုက်နဲ့ပတ်သက်ပြီးသရုပ်ပြဖို့အတွက်၊ ဝက်ဆိုက်ကိုရှင်းပြဖို့အတွက် ဒီတစ်လအတွင်းမှာနေပြည်တော်ကလွှတ်တော်ကိုသွားဖို့ရှိပါတယ်။  

မေး  - ဒီဝက်ဆိုက်မှာရှိတဲ့အချက်အလက်တွေကရောရာခိုင်နှုန်းဘယ်လောက် အထိမှန်ကန်မှုရှိနိုင်မလဲ။

ဖြေ - အချက်အလက်တွေကတော့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် လုပ်ငန်းဆောင်ရွက်မှုတွေကနေရထားတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ အမှားအယွင်းဆိုတာထက်နောက်ဆုံးဖြစ်ထွန်းမှုဖော်ပြနိုင်တဲ့ အပိုင်းကတော့နည်းနည်းလေးအားနည်းမှုကတော့ရှိနိုင်ပါတယ်။ ဒီလိုဝက်ဆိုက်ပေါ်ပွင့်ပွင့်လင်းလင်းတင်ထားတာလူတိုင်းကသိပြီဆိုရင်လည်းအချက်အလက်တွေမှားနေပါတယ်ဆိုပြီးလာပြောဖို့ကိုလည်း ကျွန်တော်တို့ကမျှော်လင့်ပါတယ်။ အခုလွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ကတော့ သူတို့အချက်အလက်တွေ မှားယွင်းနေတယ် ဆိုပြီးထောက်ပြပါတယ်၊ဖုန်းနံပါတ်နဲ့သူကိုယ်စားပြုတဲ့ကော်မတီမှားနေတယ်ဆိုပြီးပြောပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ကိုလည်းစောင့်ကြည့်နေတယ်ဆိုတာပေါ်လွင်ပါတယ်။

မေး - တပ်မတော်သားကိုယ်စားလှယ်တွေရဲ ့အချက်အလက်တွေကိုဘာကြောင့်မဖော်ပြတာလဲ။

ဖြေ - တပ်မတော်သားကိုယ်လှယ်တွေရဲ့အချက်အလက်တွေကိုတင်ဖို့ လောလောဆယ်မှာ အစီအစဉ်မရှိသေးပါဘူး။  ပြည်သူတို့တွေအနေနဲ့ သူတို့မဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ဘယ်သူလဲဆိုတာသိဖို့နဲ့ မဲဆန္ဒနယ်မှာလက်ရှိဖြစ်နေတဲ့ အခြေအနေကို ကိုယ်စားလှယ်တွေကို ဆက်သွယ်ပြောကြားနိုင်ဖို့ ရည်ရွယ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေရယူဖို့ ကျွန်တော်တို့အနေနဲ့ တစ်ခါမှ မကြိုးစားဖူးသေးပါဘူး။ သူတို့ဆီကိုသွားပြီး အချက်အလက်တွေတောင်းတဲ့အခါမှာလည်း အခက်အခဲဘယ်လောက်ရှိမလဲဆိုတာကို မမှန်းနိုင်သေးပါဘူး။

မေး - ဝက်ဆိုက်မှာအမတ်တွေရဲ့လှုပ်ရှားမှု၊ သတင်းတွေကိုရောတင်မှာလား။

ဖြေ - လွှတ်တော်တွင်းမှာနဲ့ လွှတ်တော်ပြင်ပမှာ တစ်ဦးချင်းလုပ်ဆောင်နေတဲ့သတင်းအချက်တွေကိုရော တင်ပြဖို့အတွက် ရည်ရွယ်ထားပါတယ်။ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်ပြင်ပသတင်းလုပ်ဆောင်ချက်တွေရဖို့ ကျွန်တော်တို့မှာ အများကြီးအခက်အခဲရှိပါတယ်။ ကျွန်တော်တို့ဝက်ဆိုက်က အချက်အလက်ယူချင်တဲ့သူကလည်း ယူလို့ရသလို သတင်းအချက်အလက် ပေးချင်တဲ့သူကလည်း ပေးလို့ရပါတယ်။ အဲဒီအခါကျရင် လွှတ်တေ်ာကိုယ်စားလှယ်တစ်ယောက်ချင်း မဟုတ်ရင်တော့ တိုင်းနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရနိုင်မယ်လို့မြင်ပါတယ်။ ရလာမယ်လို့လည်းယုံကြည်ပါတယ်။ အခုက ပြည်သူ့လွှတ်တေ်ာ၊ အမျိုးသားလွှတ်တေ်ာ ကိုယ်စားလှယ်တွေရဲ ့ကိုယ်ရေးအကျဉ်းတွေ၊ ဖုန်းနံပါတ်တွေကို ဝက်ဆိုက်မှာတင်ထားပြီးပါပြီ။ နောက်တစ်ဆင့် အနေနဲ့တိုင်းဒေသကြီးကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို ထည့်သွားဖို့ရှိပါတယ်။ နောက်တစ်ဆင့်မှ သူတို့ရဲ ့ အသေးစိတ်လုပ်ဆောင်ချက်တွေ ထည့်ဖို့ရှိတဲ့အခါကျတော့ အနည်းဆုံးနောက်ထပ် ၆ လကျော်မှထည့်နိုင်မှာပါ။

မေး - ဝက်ဆိုက်အပြင်အဆင်ကိုရောပြောင်းလဲသွားဖို့ရှိလား။ အချက်အလက်ရှာရတာနည်းနည်းခက်နေတယ်။

ဖြေ - ဝက်ဆိုက်ကိုဒီတိုင်းပုံသေမထားပါဘူး။ အသုံးပြုသူတွေရဲ့ သုံးသပ်ချက်တွေပေါ်မူတည်ပြီး တဖြည်းဖြည်းပြောင်းလဲသွားမှာပါ။ အခုကဝက်ဆိုက်ကအင်္ဂလိပ်လိုပဲဖြစ်နေပါတယ်။ တစ်ပတ်နှစ်ပတ်အတွင်း မြန်မာလိုပါ ကြည့်ရှုလို့ရအောင်လုပ်သွားမှာပါ။

မေး - ဒီဝက်ဆိုက်ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်တဲ့အခါမှာ ဘာအခက်အခဲတွေများရှိပါသလဲ။

ဖြေ - ဝက်ဆိုက်အနေနဲ့ လက်ရှိအခြေအနေဖြစ်ဖို့ကို နည်းပညာပိုင်းဆိုင်ရာက (၃) လလောက်ကြာပါတယ်။ အခုက မြန်မာလိုလည်းဝက်ဆိုက်ကကြည့်လို့မရသေးဘူးဆိုတော့ (၃) လထက် ပိုကြာနေတဲ့သဘောပေါ့။ ရန်ပုံငွေရှာရတဲ့အအအပိုင်းမှာလည်း အခက်အခဲရှိပါတယ်။

မေး - အခု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အားရကျေနပ်မှုရှိလား။

ဖြေ - လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ထွေထွေထူးထူး မှတ်ချက်ပေးစရာမရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ်အများစုက အခုမှလွှတ်တော်လုပ်ငန်းကို စလုပ်ဖူး၊ ပြည်သူကလည်း ဒီမိုကရေစီလမ်းကြောင်းကို အခုမှအရှိန်အဟုန်နဲ့သွားတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်ချက်တွေကတော့ နေရာပေါင်းစုံမှာရှိနေနိုင်တယ်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly