မှောင်ခိုကုန်ကူးသည့် မြောက်ကိုရီးယားသံတမန်ကို ဘင်္ဂလားဒေ့ရှ် နှင်ထုတ်

မှောင်ခိုကုန်ကူးသည့် မြောက်ကိုရီးယားသံတမန်ကို ဘင်္ဂလားဒေ့ရှ် နှင်ထုတ်

သြဂုတ် ၈ ။             ။ တရားမဝင် မှောင်ခိုကုန်ကူးမှုဖြင့် မြောက်ကိုရီးယား သံတမန်တစ်ဦးအား ဘင်္ဂလားဒေ့ရှ် အစိုးရက နှင်ထုတ်လိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်း၏ အမည်ဖြင့် တင်သွင်းလာသော ကွန်တိန်နာတစ်ခုတွင် တရားမဝင် စီးကရက် ၁ သန်း နှင့်အတူ အီလက်ထရောနစ်ပစ္စည်းများ ပါရှိလာခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဒါကာ အစိုးရက သြဂုတ်လ ၈ ရက်တွင် ပြောသည်။

ဒါကာမြို့ရှိ မြောက်ကိုရီးယား သံရုံးမှ သံအရာရှိတစ်ဦးဖြစ်သော ဟန်ဆွန်အစ် မှာ ကန်ဒေါ်လာ ငါးသိန်းနီးပါး တန်ဖိုးရှိ ကုန်ပစ္စည်းများကို အကောက်ခွန်သို့ ထုတ်ဖော်ကြေညာနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံမှ ထွက်ခွာသွားရန် ညွှန်ကြားခံခဲ့ရခြင်းဖြစ်သည်။

ယခု ညွှန်ကြားချက်ကို မြောက်ကိုရီးယား နိုင်ငံသို့ ထုတ်ပြန်ပေးပို့ထားပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ရှာဟီဒူလ် ဟာရစ်က အတည်ပြုပြောကြားသွားသည်။ " ခုလို သံတမန် စည်းမျဉ်းတွေ ချိုးဖောက်တဲ့ သံတမန်ကို ပြန်ခေါ်ဖို့ မြောက်ကိုရီးယားအစိုးရဆီကို ကျွန်တော်တို့အကြောင်းကြားထားပြီးပါပြီ" ဟု ၎င်းက ဆိုသည်။

" သံအရာရှိက သူ့ရဲ့ ကုန်သေတ္တာမှာ အစားအသောက်နဲ့ အချိုရည်တွေပဲ ပါတယ်လို့ ပြောပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဖောက်ဖွင့်စစ်တော့ အဲဒီမှာ ဈေးကြီးတဲ့ စီးကရက် ၁ ဒသမ ၆ သန်းအပါအဝင် အီလက်ထရောနစ်ပစ္စည်းတွေပါ တွေ့ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ်အကောက်ခွန်ဌာနမှ အကြီးအကဲ မိုနူခန်က ပြောသွားသည်။

" လက်ရှိ ပေါက်ဈေးနဲ့ဆို ဒီပစ္စည်းတွေရဲ့ တန်ဖိုးက တာကာ ၃၅ သန်း (ဒေါ်လာ ၄၃၀,၀၀၀) လောက်ရှိပါတယ်၊ တကယ်ဆိုရင် ဒါတွေက ပြည်တွင်းက မှောင်ခိုကုန်ကူးဂိုဏ်းတွေဆီကို တဆင့်ပြန်ရောင်းမယ်လို့ ကျွန်တော်တို့ သံသယရှိထားပါတယ်" ဟု ၎င်းက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly