ရင်ရှုပ်ရပါသော်ကောကွယ်

ရင်ရှုပ်ရပါသော်ကောကွယ်

ခုတလော ရုံတင်တဲ့ မြန်မာရုပ်ရှင်ကားတွေဟာ ကြောက်စရာကြီးတွေပါ့။ ကြော်ငြာဘုတ်က အရုပ်တွေကလည်း ကြောက်စရာတွေပဲ။ သရဲတစ္ဆေကားတွေတော့ မဟုတ်ပါဘူး။ နာမည်တွေကို ကြည့်ပါ၊ ခိုးဆိုးလုနှိုက်တဲ့၊ အုတ်ကြားမြတ်ပေါက်တဲ့၊ ရိုက်လိုက်ပါဦး ဒုန်း ဒုန်း ဒုန်းတဲ့။ နာမည်တွေနဲ့တင် တစ်ခါတည်း ထွက်ပြေးလောက်တယ်။ ကြော်ငြာဘုတ်က အရုပ်တွေဆိုလည်း တကယ့် မိုက်တိမိုက်ကန်းပုံတွေ၊ တစ်ကိုယ်လုံး တက်တူးတွေနဲ့ ခပ်မိုက်မိုက် ကြည့်နေလိုက်တာများ မထိတ်သာ မလန့်သာပါ။

မောင်မှန်တို့ တစ်ပြည်လုံး အမှုအခင်းတွေ ထူပြောနေချိန်နဲ့တော့ ကွက်တိ အံကိုက် ဖစ်ဆိုက်လို့ပဲ ဆိုရမယ်ထင်ပါရဲ့။ တရားဥပဒေစိုးမိုးရေး တစ်ခါအော်လိုက် လမ်းဘေးအလောင်းတစ်လောင်း   တွေ့လိုက်၊ နောက်တစ်ခါအော်လိုက် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား မိလိုက်၊ နောက်တစ်ခါအော်လိုက် လူပုံအလယ်မှာ ကတ်ကြေးနဲ့ထိုးလိုက် ဖြစ်နေတဲ့ ခေတ်ကြီးမို့လား။ လိုက်ဖက်ပါပေတယ်။ အဲ အုတ်ကြားမြတ်ပေါက်ဆိုတဲ့ ကားထဲမှာ မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်ပြီး ဘာသာခြား လူမျိုးခြား ဆန့်ကျင်ရေးတောင် လုပ်လိုက်သေး။ (ဒီကားကို ခွင့်ပြုလိုက်တဲ့ ဆင်ဆာအဖွဲ့နဲ့ Twilight Over Burma ကို ပိတ်လိုက်တဲ့ ဆင်ဆာအဖွဲ့ အတူတူပဲလား မသိဘူးနော်)

 ကြုံတုန်း ကြောငြာဝင်ပါရစေ။ တိုက်ဆိုင်တာလားတော့ မသိဘူး။ ခေါင်းစဉ်ယူသုံးတဲ့ကိစ္စပါ။ မောင်မှန်ရဲ့ ခေါင်းစဉ်တစ်ခုဖြစ်တဲ့ အကြွေးတော်ပုံ အောင်ရမည်ဆိုတာကို ဗီဒီယိုကားအမည် သုံးလိုက်တာပါ။ (၂၀၁၂ ခုနှစ်လောက်က လူထုပုံရိပ် ဂျာနယ်မှာ ရေးခဲ့တဲ့ မောင်မှန်ဆောင်းပါး ခေါင်းစဉ် အပြည့်အစုံက "တစ်နပ်စားအကြံကို မှတ်သားနာခံတွေးခေါ်ရုံဖြင့် အကြွေးတော်ပုံ အောင်ရမည်" ပါ။ မှတ်မှတ်ရရ အဲဒီ ဗီဒီယို ပုပ္ပားဘက်မှာ ရိုက်ကူးနေကြောင်းကို မဇ္ဈိမ နေ့စဉ်သတင်းစာမှာပဲ ဖတ်လိုက်ရပါတယ်။ ဝတ္ထုကိုကြည့်တော့ ဝေမှူးသွင်တဲ့။ (ဝေမှူးသွင်ဝတ္ထု   ခေါင်းစဉ်ကို ပြောင်းထားတာ) ဝေမှူးသွင်က မောင်မှန်နဲ့ ခင်တော့ သူ့ကို အကျိုးအကြောင်း ဖုန်းလှမ်းဆက်ပြီး ပြောတယ်။ အကြွေးတော်ပုံဟာ မောင်မှန်အမည်ဖြစ်ကြောင်းကို ထုတ်လုပ်သူနဲ့ ဒါရိုက်တာကို ပြောပေးဖို့နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အကြောင်းပေါ့။ ဝေမှူးသွင်ကလည်း ပြောပေးပါမယ် ပြောပါတယ်။ ဒါပေမဲ့ ဗီဒီယိုသာ ထွက်လာတယ် ဘာအကြောင်းမှတော့ မပြန်ပါဘူး။ မောင်မှန်လည်း စိတ်ပျက်ပျက်နဲ့ပဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ ခုမှ တိုက်ဆိုင်လို့ ရေးလိုက်တာပါ။

သိပ်မကြာသေးမီကလည်း အဲဒီ ဒါရိုက်တာရဲ့ ရုပ်ရှင်ကားကြီးတစ်ကားမှာ ဇာတ်လိုက်မင်းသားက ကဗျာတစ်ပိုဒ် ရွတ်တယ်လို့ သိရပါတယ်။ အဲဒီကဗျာက နာမည်ကြီးကဗျာဆရာတစ်ယောက်ရဲ့ ကဗျာ။ အဲဒါကိုလည်း ဘယ်သူ့ကဗျာရယ်လို့ ဖော်ပြမထားဘူးလို့ သိုးသိုးသန့်သန့် ကြားလိုက်ရသေးတယ်။ (အဲဒီကားကတော့ မောင်မှန် မကြည့်ရပါဘူး။ တစ်ဆင့်စကား ဖြစ်ပါတယ်။) ပြဿနာ နည်းနည်း ဖြစ်လိုက်သေးတယ်ဆိုပေမယ့် နောက်တော့ ဘယ်လိုပြီးသွားတယ် မသိဘူး။ ဘာမှ ထပ်မကြားရတော့ဘူး။

တမြန်နှစ်လောက်ဆီကလည်း ရုပ်သံလွှင့်ဌာနတစ်ခုက ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို "ဂန္ထဝင်မမ" အမည်တပ်ပြီး လွှင့်ချလိုက်တယ်။ လွယ်လွယ်ပဲ။ ဂန္ထဝင်မမရဲ့ မူလပိုင်ရှင်အစစ် ကဗျာဆရာဆီက အသံထွက်လာကာမှ ဂန္ထဝင်မမကြီးဆို ပြောင်းပစ်တယ်။ နောက် နည်းနည်းကြာတော့ နောက်အမည်တစ်မျိုး ထပ်ပြောင်းပစ်လိုက်တယ်။ အေးဆေးပဲနော်။ ဘယ်သူ့ကိုမှလည်း အသိအမှတ်   ပြုနေစရာမလိုဘူး။  Credit ပေးနေစရာ မလိုဘူး။ ငွေလည်း ပေးစရာမလိုဘူး။ ရိုင်းရိုင်းပြောရရင် လစ်ရင်တိုတယ်။ မိရင် ပြန်ပေးမယ်ဆိုတဲ့ အပေါက်မျိုးပဲ။

(ကို) သန်းထိုက်လူကိစ္စ ပြန်ကောက်ပါရစေခင်ဗျာ။ သူ့ကိစ္စကို ကြည့်ရင်လည်း ရှင်းရှင်းလေးပါ။ သူက အသာလွတ် ပြဿနာထလုပ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ဥပဒေကြောင်းအရ   ပြောကြဆိုကြမယ်ဆိုရင်တော့ အထောက်အထားတွေ၊ သက်သေခံ အချက်အလက်တွေ အများကြီး လိုမှာ သေချာပါတယ်။ ဥပဒေအရဆိုတော့ အလွတ်ပြော၊ အလွတ်ဆိုလို့တော့ ဘယ်ရပါ့မလဲ။ ဇာတ်လမ်း လက်ခံထားသူက ဒီဇာတ်လမ်းဟာ သူ့ဆီက ပေါက်ကြားတာမဟုတ်ပါဘူးဆိုပြီး ဘူးတစ်လုံးဆောင်လိုက်ရင် (ကို)သန်းထိုက်လူဘက်က ရှေ့ဆက်မရလောက်တော့ဘူးလို့ မောင်မှန် ထင်တာပဲ။ (မောင်မှန်က ဥပဒေပညာရှင် မဟုတ်လေတော့ သေသေချာချာတော့ မပြောတတ်ပါ။)

စာပေသမားတွေ ဒီလိုခံရပေါင်း များလှပါပြီ။ ဟိုးအရင် ရုပ်ရှင်သက်သက်တုန်းက နည်းနည်းတော်သေးတယ်။ ဗီဒီယိုပေါ်လာတဲ့ နောက်ပိုင်းမှာ ခဏခဏ ကြားလာရတယ်။ ပိုင်ရှင်မသိဘဲ ဇာတ်ကားအမည်သုံးလိုက်တာတို့၊ သူများဇာတ်လမ်းကို ခိုးချလိုက်တာတို့ စိပ်လာတယ်။ သီချင်းယူသုံးတဲ့ ကိစ္စတွေဆိုလည်း အများကြီး၊ ဂီတသများတွေကတော့ ဖြစ်လိုက်တိုင်း ခပ်ပြတ်ပြတ်ရှင်းတာတွေ့ရတယ်။ မောင်မှန်တို့ စာပေသမားတွေပဲ စာနဲ့ တုံ့ပြန်ရုံလောက်ကလွဲပြီး ဘာဆိုဘာမှ မဘာရဘဲ နာမည်ကြီး ထမင်းငတ်နေရတာ။ မြန်မာ့ရုပ်ရှင်ကို တကယ်တိုးတက်စေချင်တာပါ။ မြန်မာ့ ဗိဒီယိုကိုလည်း တကယ် ထွန်းကားစေချင်တာပါ။ မြန်မာဗီဒီယိုကိုလည်း တကယ် ထွန်းကားစေချင်တာပါ။ စာသမားတွေကိုတော့ ကုန်းပိုးလည်း စီးသေး အောက်လည်း လျှော့သေးဆိုတာမျိုးတော့ မလုပ်စေချင်ကြောင်း တောင်းပန်လိုက်ရပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly