အမျိုးသားအင်အားစုပေါင်းစုံညီလာခံကျင်းပရန် နှင့် မြန်မာ့ဒီမိုကရေစီနေ့သတ်မှတ်ရန် ၈၈၈၈ နှစ်ပတ်လည်နေ့တွင် တောင်းဆို

အမျိုးသားအင်အားစုပေါင်းစုံညီလာခံကျင်းပရန် နှင့် မြန်မာ့ဒီမိုကရေစီနေ့သတ်မှတ်ရန် ၈၈၈၈ နှစ်ပတ်လည်နေ့တွင် တောင်းဆို

ရန်ကုန်၊ သြဂုတ် ၈ ။                 ။ ၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၈နှစ်မြောက်အခမ်းအနားမှ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု   အားလုံးပါဝင်နိုင်သည့် ညီလာခံတစ်ရပ်ကျင်းပရန် အပါဝင် အချက် ၃ချက်ပါဝင်တဲ့ ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ကြေငြာချက်တွင် ကိုယ့်ကြမ္မာကိုယ်ပြဌာန်းပိုင်ခွင့်ရှိပြီး တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုထူထောင်ရန်၊  ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပြန်လည်ရေးဆွဲရန် ဟူသည့် အချက်များပါရှိပါသည်။

အဆိုပါ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်ပွဲကို ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ အပါအဝင် ၈၈ မျိုးဆက်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့သည်။

“အဲ့ဒီ့တုန်းကဆိုရင်  လာတဲ့သူတွေအားလုံးကို ထောက်လှမ်းရေးတွေက ကင်မရာတွေနဲ့ချိန်ပြီးတော့ ရိုက်တာဗျ၊ အဲ့ဒီ့အချိန်မှာ ခင်ဗျား နိုင်ငံရေးအခမ်းနားတစ်ခုကိုတက်ပြီ၊ ကင်မရာနဲ့ချိန်ပြီဆိုတာနဲ့ ခင်ဗျားကို ခြိမ်းခြောက်တာပဲ။ အဲ့တော့ လာတဲ့သူတွေကလန့်ဖြတ်ပြီး ဘုရားကုန်းပေါ်ကို တတ်သွားတာမျိုး။ အဲ့ဒီ့ပွဲနားကိုမကပ်ရဲတဲ့ အခြေအနေမျိုးတွေ အင်မတန်ရှိခဲ့တယ်” ဟု ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

ထုတ်ပြန်ချက်တွင် ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားခဲ့သည့် သြဂုတ်လ ၈ရက်နေ့ကို "မြန်မာ့ဒီမိုကရေစီနေ့” အဖြစ် သတ်မှတ်ပေးရန် ၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၈နှစ်မြောက်အကြိမ် အခမ်းအနားမှ လက်ရှိနိုင်ငံတော်အစိုးရအား တောင်းဆိုလိုက်ကြောင်းလည်းပါရှိသည်။

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၈နှစ်မြောက်အခမ်းအနားကို  ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ယင်းအပြင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ နှင့် အခြားမြို့ကြီးများတွင်လည်း ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားများ ကျင်းပခဲ့သည်။ 

၂၈ နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီပြည်သူ့အရေးတော်ပုံအခမ်းအနားကို မြိတ်မြို့၊ ကန်ဖျားရပ် ၊ မြေနီလမ်းရှိ၊ ထန်းလေးပင်ကျောင်းတိုက်တွင်လည်း ကျင်းပခဲ့ပြီး ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၂၈) နှစ်မြောက် အခမ်းအနားကျင်း ပရေးကော်မတီမှ အထက်ပါ အချက်သုံးချက်ပါသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

“ ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ရအောင် ထိုးဖောက်တဲ့ ကျောင်းသား၊ ရဟန်းရှင်လူများ စတဲ့ တစ်ပြည်လုံးကနေ တပြိုင်နက် ဆူပူအုံကြွမှုတွေ လုပ်ခဲ့ပါတယ်။ ကျွန် တော်တို့ကိုယ် တိုင်လဲ ပါဝင်ခဲ့ပါတယ်။ဒီအခမ်းအနားကနေပြီးတော့ ရှေ့ဆက် ပြီး ဘယ်လိုသွား မယ်ဆိုတာ တွေကို ဝိုင်းဝန်းပြီးတော့ ကြိုး ပမ်းဆောင်ရွက်ရပါအုံးမယ်။ခရီးလမ်းကတော့ ကြမ်းသေးတယ်လို့ မြင်ပါတယ်” ဟု ကိုလှမော်ကပြောသည်။

အခမ်းအနား၌ မြိတ်မြို့မှ ၈.၈.၈၈ အရေးတော်ပုံတွင် ကျဆုံးသွားခဲ့သည့် ကျောင်းသားရဲဘော် ကိုကိုဦးနှင့် ညီညီလွင်၊ ၁၉ ရက် အာဏာသိမ်းချိန်တွင် ကျဆုံးခဲ့သည့် ကိုမျိုးချစ်တို့ သုံးဦးအတွက်ရည်ရွယ်၍ ရဟန်းသံဃာများကို ပင့်ဖိတ်ဆွမ်း ကျွေးခြင်း၊ အမျှတမ်းပေးဝေ ရေစက်ချခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

မြိတ်ခရိုင် တ.က.သ ကျောင်းသားများအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့်ပါတီ ပေါင်းစုံ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး မြိတ်မြို့ရှိ ကစွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားများလာရောက်လေ့လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly